ထန်းတပင် ၂၇ မေ
အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ထန်းတပင် မြသိန်းတန် ဓမ္မစကူးလ်မှ ဆဋ္ဌမဆုနှင့် ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရရှိခဲ့သည့် ကလေးငယ်တစ်ဦးနှင့် ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရရှိခဲ့သည့် နှစ်ဦးတို့ကို မေလ(၂၆)ရက် ညနေ(၅)နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ်မြောက်မြသိန်းတန်ဓမ္မစကူးလ်ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်တာဝန်ရှိသူများကဆုများကို အသီးသီးဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ဆဋ္ဌမဆုနှင့်ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရရှိခဲ့သည့် မြသိန်းတန်ဓမ္မစကူးလ်မှ မမိုးဟေမာန်နှင့် ဗုဒ္ဓဝံသဝိသာရဒဘွဲ့ ရရှိခဲ့သည် မဝေဝေလွင်၊ မနှင်းနှင်းတို့သုံးဦးနှင့် အလယ်တန်းတွင် ဂုဏ်ထူးအောင်(၄)ဦး၊ အထူးအောင် (၂)ဦး၊ ရိုးရိုးအောင်(၄)ဦး၊ မူလတန်းတွင် ဂုဏ်ထူးအောင်(၁)ဦးနှင့်အထူးအောင်(၁)ဦးတို့ကို ရန်ကုန်တိုင်း ဓမ္မစကူးလ်ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာအရှင်ပညာဒီပ၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီဥက္ကဌ မြသိန်းတန်ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ သုမနနှင့်ဆရာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့်တာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထန်းတပင် မြသိန်းတန် ဓမ္မစကူးလ်သင်တန်းကို ဆဋ္ဌမအကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ရာ သင်တန်း သို့မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးတို့ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကို (၂၀၁၉)ခုနှစ် ဇွန်လ(၂)ရက်နေ့မှ (၂ဝ၂၀)ခုနှစ်ဇန်နဝါရီလ (၃၁)ရက်နေ့အထိ (၈)လကြာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကိုလည်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနဝန်ထမ်းမိသားစုမှအာဟာရဒါနအဖြစ်ကြာဇံကြော်များ လှူဒါန်းပေးခဲ့ကြသည်။
အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင်ဖြေဆိုသူ(၅၁၉၂)ဦးရှိ သည့် အနက်အလယ်တန်းအောင်မြင်သူ (၃၇၂)ဦးတို့မှ ရမှတ်အများဆုံး(၆၀)ဦးကို ဗုဒ္ဓဝံသဝိသာရဒဘွဲ့ အတွက်(၂၆)ဦးကိုရွေးချယ်ခြင်းဖြစ်ပြီး ထန်းတပင်မြသိန်းတန်ဓမ္မစကူးလ်မှ ရွေးချယ်ခံရသည့် (၂၆)ဦး အနက် ဆဋ္ဌမဆုနှင့်ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရကလေးငယ်တစ်ဦး၊ ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရကလေးငယ်နှစ်ဦး ရရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဓမ္မစကူးလ်ကော်မတီမှသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


