ပြင်ဦးလွင် ၂၉ မေ


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ပြင်ဦးလွင် ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒဥယျာဉ်ကို  ဆေးလိပ်ငွေ့ကင်းစင်ရေးအဖြစ် ဇူလိုင်လတွင် သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ထို့ပြင် ပြင်ဦးလွင်မြို့အား ဆေးလိပ်ငွေ့ကင်းစင်ရေးမြို့အဖြစ် ဆောင်ရွက်ရန် အခြေခံပညာကျောင်းများ၊ အစိုးရဌာနရုံးများ၊ ဘာသာရေး အဆောက်အအုံများ၊ လူအများစုဝေးလေ့ရှိသည့် နေရာများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ အားကစားရုံ၊ ကစားကွင်းများနှင့် ဆေးလိပ်အရောင်းဆိုင်များတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာများအဖြစ် သတ်မှတ်သွားမည်ဖြစ်သည် ။

 

"ကန်တော်ကြီးကို ဆေးလိပ်ငွေ့ကင်းစင်တဲ့ ပန်းခြံအဖြစ် သတ်မှတ်ပြီး ကမ်ပိန်းတွေပြုလုပ်သွားမယ် ။  ဆေးလိပ်ငွေ့ကင်းစင်သွားအောင် အားကစားတွေ ဟောပြောပွဲတွေလုပ်သွားမယ် အဲ့ဒါအပြင်ကို လုပ်ရှားမှုတွေ ဗီနိုင်းတွေ ကပ်တာတွေလုပ်သွားမယ်"  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနမှူး ဒေါက်တာသန်းဝင်းက ပြောသည်။


ဆေးလိပ်ငွေ့ကင်းစင်ရေးမြို့အဖြစ် ပထမအဆင့် အစိုးရဌာနရုံးများ၊ ဒုတိယအဆင့် ဆေးလိပ်အရောင်းဆိုင်များ၊ တတိယအဆင့် စာသင်ကျောင်းများစသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဆေးလိပ်မသောက်ရနယ်မြေအဖြစ် သတ်မှတ်ခြင်း၊ စတစ်ကာများကပ်ခြင်း၊ အသိပညာပေးခြင်းနှင့် ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆေးလိပ်မသောက်ရနယ်မြေများအဖြစ် သတ်မှတ်ခြင်းအပြင် ဆေးလိပ်သောက်ခွင့်ရှိသော နေရာများကိုပါ သီးသန့်ထားရှိပေး မည်ဖြစ်ပြီး အခါအားလျော်စွာ စစ်ဆေးခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။ 


သူရိန်လင်း