နေပြည်တော် ၂၉ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (National Electrification Project: Off- Grid Component NEP-IT) အတွက်အီတလီနိုင်ငံမှ ပေးအပ်သည့် အတိုးမဲ့ချေးငွေ ယူရို သန်း ၃၀ အား ရယူရန်အတွက် လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ ငွေတိုက်ဦးစီးဌာန၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ မေ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပသည်။
အဆိုပါ ချေးငွေမှာအတိုးမဲ့ချေးငွေဖြစ်ပြီး ဆိုင်းငံ့ကာလ (၁၈) နှစ်နှင့် ပြန်ဆပ်ကာလ (၁၀) နှစ်၊စုစုပေါင်းချေးငွေသက်တမ်း (၂၈) နှစ် ဖြစ်ပါသည်။ ချေးငွေစာချုပ်အား အီတလီနိုင်ငံ ကိုယ်စား Mr. Carlo Segni, Cooperazione & Development (Head). Cassa Depositi e Prestiti S.p.Aနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးတို့က သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြသည်။
အီတလီနိုင်ငံ အတိုးမဲ့ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆိုပါစီမံကိန်းသည် ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ စီမံကိန်းကာလ (၃)နှစ်ဖြစ်ပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး (နာဂဒေသ) တို့အတွင်း ကျေးရွာ ၁၀၁၉ ရွာရှိ အိမ်ခြေပေါင်း ၉၆၅၀ဝ အား အိမ်သုံးဆိုလာစနစ်၊ အသေးစားဓာတ်အားစနစ် တို့ဖြင့် ကျေး လက် မီးလင်းရေးရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဖိတ်ကြားထားသည့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာအီတလီနိုင်ငံသံအမတ်ကြီး Ms. Alessandra Schiavo နှင့် Mr. Carlo Segni, Cooperazione & Development (Head). Cassa Depositi e Prestiti S.p.A တို့ဦးဆောင်သောတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


