မိုးညှင်း  ၂၉  မေ


၂၀၁၉ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ထူးချွန်ကြက်ခြေနီများ အင်းတော်ကြီးကန်ရှိ ရွှေမဉ္ဇူ ရေလယ်ဘုရားသို့ လေ့လာရေးခရီးအဖြစ် ယနေ့နက်ပိုင်းတွင် သွားရောက်ရာ မိုးညှင်းခရိုင်ကြီးကြပ်မှု ကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှတပ်ဖွဲ့ဝင်များက လုံးတုံစက်လှေဂိတ်တွင် ကြိုဆိုခဲ့ကြသည်။


မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ အပါအဝင်တိုင်းဒေသကြီး/ပြည်နယ်များမှ လူငယ်ခေါင်းဆောင် များဖြစ်သော ထူးချွန်ကြက်ခြေနီ (၁၁၁)ဦးနှင့် တက္ကသိုလ်/ကောလိပ် ကြက်ခြေနီအသင်းခွဲများမှ (၂၅)ဦး စုစုပေါင်း (၁၃၆)ဦး၊ အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင် ၁၈၀ ကျော်လိုက်ပါလာသော လ့လာရေးအဖွဲ့များအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ ဒေသခံကြက်ခြေနီတပ်ဖွဲ့ဝင်များက လုံးတုံစက်လှေဆိပ်တွင်ပန်းစည်းဆက်ကြိုဆိုပြီး ရွှေမဉ္ဇူရေလယ်ဘုရားသို့ စက်လှေများဖြင့် ထွက်ခွာ၍ လေ့လာရေးခရီးစတင်ခဲ့ကြသည်။

 

1


လေ့လာရေးအဖွဲ့ဝင်များသည် ရွှေမဉ္ဇူရေလည်စေတီတော်အားလှည့်လည်လေ့လာဖူးမြော်ခဲ့ကြရာ စေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အင်းတော်ကြီးအင်းဖြစ်ပေါ်လာပုံနှင့် ဘုရားသမိုင်းများအား ရှင်းလင်းပြောကြားပေးပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ဒေသအာဏာပိုင်များက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။


လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ထူချွန်ကြက်ခြေနီမယ်တစ်ဦးဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ကြပ်အဆင့်ရှိသူ မငွေစင်ငြိမ်းက "အခု မြစ်ကြီးနားကနေလာတာ၊ မြို့နယ်ကိုယ်စားပြုပြီး တွေ့ဆုံပွဲလာတာ ဒေသအသစ်ကို ရောက်တဲ့အတွက် လေ့လာစရာတွေ အများကြီးပဲ အဖွဲ့အစည်းနဲ့ဆိုတော့ စည်းစည်းလုံးလုံးနဲ့ ပျော်ပါတယ် ရောက်ဖို့ကမလွယ်ဘူးလေ အဝေးကြီးဆိုတော့"ဟုပြောကြားသည်။


ဆက်လက်၍ လေ့လာရေးအဖွဲ့ဝင်များသည် အင်းတော်ကြီးမှပြန်လည်ထွက်ခွာ၍ လုံးတုံကျေးရွာ အတွင်း ဖွင့်လှစ်ပြသထားသည့် အင်းတော်ကြီးပြတိုက်အားလေ့လာခဲ့ကြသည်။


ယခုလေ့လာရေးလာရောက်ကြသည့် လေ့လာရေးအဖွဲ့ဝင်များသည် တစ်နိုင်ငံလုံးရှိ ထူးချွန်ကြက်ခြေနီများတွေ့ဆုံပွဲအဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်တွင် ယခုလ ၂၇ရက်နေ့မှဧပြီလ ၁ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ထူချွန်ကြက်ခြေနီများတွေ့ဆုံပွဲမှ လေ့လာရေးခရီးအဖြစ်လာရောက်ကြကြောင်း သိရသည်။


ကျော်ကျော်ထွေး (မိုးညှင်း)

 

1