၁၀ မတ်

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khost ပြည်နယ်ရှိ ရဲတပ်ဖွဲ့သည် မိသားစုဝင်လေးဦးကို သတ်ဖြတ်မှုဖြင့် စွဲချက်တင်ထားသော အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု အာဖဂန်နစ္စတန်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ယနေ့ ပြောကြားခဲ့သည်။

 

ပြည်နယ်ရာဇဝတ်မှုနှိမ်နင်းရေးဆိုင်ရာ ရဲတပ်ဖွဲ့များက Khost ပြည်နယ်ရှိ မိသားစုဝင်လေးဦးကို ပစ်ခတ်သတ်ဖြတ်မှုဖြင့် စွဲချက်တင်ထားသော အမျိုးသားတစ်ဦးကို ယမန်နေ့ည အထူးစစ်ဆင်ရေး ကာလအတွင်း ဖမ်းဆီးခဲ့ကြောင်း ထို ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

ယမန်နေ့ ညနေပိုင်းက အငြင်းအခုံဖြစ်ပွားခဲ့ပြီးနောက် ထိုပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အေကေ-၄၇ ကျည်ဆန် ၆၀၀ အပါအဝင် ခဲယမ်းမီးကျောက်အနည်းငယ်၊ လက်ပစ်ဗုံးနှစ်လုံးနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းကိရိယာအများအပြားကို ယင်းသံသယရှိသူထံမှ သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

 

ရဲတပ်ဖွဲ့က ထိုအမှုနှင့်ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးခဲ့သည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို