ကဘူး ၁၁ မတ်
အာဖဂန်နစ္စတန်နိုင်ငံတွင် အခြေစိုက် လျက်ရှိသော အမေရိကန်တပ်ဖွဲ့ဝင်များကို အာဖဂန်နစ္စတန်နိုင်ငံမှ စတင်ရုပ်သိမ်းနေပြီဖြစ်ကြောင်း ညွန့်ပေါင်းတပ်ဖွဲ့က ယနေ့ ကြေညာသည်။
အမေရိကန်နှင့် အာဖဂန်နစ္စတန် အစ္စလာမ္မစ်သမ္မတ နိုင်ငံတို့၏ ပူးတွဲကြေညာချက်နှင့် အမေရိကန်နှင့် တာလီဘန် ညှိနှိုင်းရေးမှူးများအကြား သဘောတူညီချက်နှင့်အညီ ရက်ပေါင်း ၁၃၅ ရက်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင် ၈၆ဝဝ အထိ လျှော့ချရမည်ဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေ ရိကန်တပ်ဖွဲ့မှ ထုတ်ပြန်သည့်ကြေညာ ချက်တစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်နှင့် တာလီဘန် ငြိမ်းချမ်းရေး ညှိနှိုင်းရေးမှူးများသည် နှစ်ဖက်အကြား သဘောတူညီချက် တစ်ရပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်က ကာတာနိုင်ငံတွင် လက်မှတ် ရေးထိုးခဲ့ကြပြီး ယင်းနေ့မှာပင် အာဖဂန်နစ္စတန်နှင့် အမေရိကန်တို့ လည်း အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ် မြို့တွင် ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ သဘောတူညီချက်အရ အမေရိကန်အနေဖြင့် ရက်ပေါင်း ၁၃၅ ရက်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမှ ၎င်း၏ တပ်ဖွဲ့ဝင် ၈၆၀၀ အထိ လျှော့ချမည်ဖြစ်သလို အိုင်အက်စ်နှင့် အယ်လ်ခိုင်ဒါ အစရှိသည့် အကြမ်းဖက်အုပ်စုနှင့် ဆက်ဆံရေးဖြတ်တောက်ခြင်းအပါအဝင် သဘောတူစာချုပ်ပါ တာလီဘန်အုပ်စု၏ သဘော တူညီချက်အပေါ်မူတည်၍ လပေါင်း ( ၁၄ လအတွင်း အာဖဂန်နစ္စတန်နိုင်ငံ မှအမေရိကန်ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့အားလုံး နေရပ်သို့ပြန်ကြရမည် ဖြစ်သည်။
အမေရိကန်တပ်ဖွဲ့သည် ၎င်း၏ ပထမအသုတ် တပ်ဖွဲ့ဝင်များကို အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန့်ပြည်နယ်ရှိ တပ်စခန်းတစ်ခုမှ ရုပ်သိမ်းလိုက်ပြီဟုဆိုသည်။ အာဖဂန်လုံခြုံရေး တပ်ဖွဲ့သည် လုံခြုံရေးတာဝန်များကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလကတည်းက နေတိုးနှင့် အမေရိကန်တပ်ဖွဲ့မှ လွှဲပြောင်းရယူခဲ့ပြီး အပြည့်အဝ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ သို့သော် အမေရိကန်တပ်ဖွဲ့ဝင် ၁၃၀၀၀ ခန့် အပါအဝင် ပြည်ပတပ်ဖွဲ့ဝင် ၁၆၀၀၀ ခန့်တို့သည် စစ်သွေးကြွများအား တိုက်ခိုက်ရာတွင် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးရေးနှင့် အကူအညီပေးရေးတာဝန်အတွက် အာဖဂန်နစ္စတန်နိုင်ငံ၌ ဆက်လက် ကျန်ရှိနေခြင်းဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ


