တိုကျို ၁၁ မတ် 

ကိုရိုနာဗိုင်းရပ်စ်အသစ်နှင့်ပတ်သက်ပြီး အကယ်၍ လိုအပ်လာပါက ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတော် အရေးပေါ် အခြေအနေကြေညာနိုင်ရန် ဥပဒေမူကြမ်းကို ဂျပန်အစိုးရက အတည်ပြုခဲ့ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

အစိုးရအဖွဲ့အစည်းအဝေးတွင် မတ် ၁၀ ရက်က အတည်ပြုခဲ့သော ဥပဒေမူကြမ်းသည် ရာသီတုပ်ကွေး ပုံစံအသစ်များနှင့် အခြားကူးစက်ရောဂါအသစ်များကို ကိုင်တွယ်ဖြေရှင်းရန် ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေကို ပြင်ဆင်ထားခြင်းဖြစ်သည်။

ပြင်ဆင်ထားသော ဥပဒေမူကြမ်းသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါအသစ်နှင့် ပတ်သက်ပြီး နှစ်နှစ်အထိ အကျိုး သက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြင်ဆင်ထားသော ဥပဒေမူကြမ်းသည် ဝန်ကြီးချုပ်အား အကယ်၍ ကိုရိုနာဗိုင်းရပ်စ် နိုင်ငံတစ်ဝန်းပျံ့နှံ့ပြီး လူများ၏ အသက်အန္တရာယ်နှင့် စီးပွားရေးကို ထိခိုက်နိုင်ခြေရှိပါက နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခွင့်ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် ဥပဒေသက်ရောက်နိုင်မည့် နယ်ပယ်ဒေသနှင့် အချိန်ကိုသတ်မှတ်နိုင်မည်ဖြစ်ကြောင်း လည်း သိရသည်။ ထိုကဲ့သို့ ကြေညာလိုက်ပါက သက်ဆိုင်ရာ ဒေသအာဏာပိုင်များက မိမိတို့၏ နယ်ပယ်ဒေသများအတွင်း ပြည်သူလူထုကို အိမ်တွင်းနေထိုင်ကြရန် ဆော်ဩပေးရမည်ဖြစ်သည်။

ထို့အတူ ကျောင်းများကိုလည်း ပိတ်ရန်နှင့် လူစုလူဝေးလုပ်မှုကိုလည်း တားမြစ်နိုင်ကြောင်း သိရသည်။

အင်န်အိတ်ခ်ျကေ