၁၃ မတ်
အီဂျစ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းကာ မိုးသက်မုန်တိုင်း တိုက်ခတ်မှုကြောင့် စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ ပိတ်ထားခဲ့သဖြင့် အီဂျစ်နိုင်ငံသား အများစုသည် ယမန်နေ့က ၎င်းတို့နေအိမ်များတွင်ပင် နေထိုင်ခဲ့ကြသည်ဟု သိရသည်။
ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် အီဂျစ်နိုင်ငံအထက်ပိုင်း ကီနာပြည်နယ်တွင် ၆ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လူပေါင်းများစွာသေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
ယင်းမုန်တိုင်းတိုက်ခတ်သဖြင့် တောင်ပိုင်းပြည်နယ် ဆိုဟတ်တွင် ကားတစ်စီးပေါ်သို့ ထန်းပင်လဲကျရာမှ ထိုကားပေါ်ပါ လူ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။
ရာသီဥတုဆိုးရွားမှုကြောင့် ဂါဘီရာ ပြည်နယ်တွင် မီနီဘတ်စ်တစ်စီး တိမ်းမှောက်ခဲ့သဖြင့် ခရီးသည် ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ မိုးသက်မုန်တိုင်းတိုက်ခတ်နိုင်သဖြင့် ကြာသပတေးနှင့် သောကြာနေ့များတွင် နေအိမ်များမှာပင် နေထိုင်ကြရန် အီဂျစ်မိုးလေဝသဌာနက ပြည်သူများကို သတိပေးပြောကြားထားသည်။
ယင်းမုန်တိုင်းသည် သောကြာနေ့ထိ ဆက်လက်တိုက်ခတ်နိုင်ပြီး စနေနေ့တွင် တစ်ဖြည်းဖြည်း ကျဆင်းလာကာ တနင်္ဂနွေနေ့တွင် ပျောက်ကွယ်သွားမည်ဟု မျှော်လင့်ရကြောင်း ထိုမိုးလေဝသပညာရှင် က ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


