ပေကျင်း ၁၄ မတ်

 

နွေဦးတောင်တက် ရာသီမရောက်မီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများကြောင့် တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်တက်ခွင့်ပြုပေးမှုကို ရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြလိုက်သည်။

 

လွန်ခဲ့သော ယခုလိုနွေဦးတောင်တက်ရာသီတွင် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ပေါ်သို့ တက်ရောက် ခဲ့သော တောင်တက်သမား အရေအတွက်သည် ၈၈၅ ဦးရှိကြောင်း၊ အဆိုပါ တောင်တက်သမားများထဲ တွင် ၆၄၄ ဦးသည် နီပေါမှဖြစ်ပြီး ၂၄၁ ဦးမှာ တိဗက်ဒေသမှဖြစ်ကြောင်း သိရသည်။

 

တရုတ်ဘက်မှ ဧ၀ရက်တောင် ပေါ်သို့ တက်ရောက်ခွင့်ပြုပေးနေမှုကို ရပ်ဆိုင်းလိုက်သော်လည်း နီပေါဘက်မှ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ပြီး ဧ၀ရက်တောင်ပေါ်သို့ တက်ရောက် ခွင့်ပြုပေးနေလျက်ရှိကြောင်း သိရသည်။

 

တရုတ်အာဏာပိုင်များက ဧ၀ရက် တောင်ပေါ်သို့ တက်ရောက်ခွင့်ပြုပေးနေမှုကို မြောက်ဘက်အခြမ်းတွင် ပိတ်လိုက်ပြီဖြစ်ကြောင်း အသိပေးခဲ့သည်ဟု ဩစတြီးယားအခြေစိုက် ဖာတန်ဘူး စူးစမ်းလေ့လာရေးအဖွဲ့ က ပြောသည်။

 

တိဗက်ရှိ နိုင်ငံခြားသား လာရောက် လည်ပတ်ရာနေရာများကို ဇန်နဝါရီလကတည်းက ပိတ်လိုက်ကြောင်း ပြည်တွင်းခရီးသွားလာမှု ဆိုင်ရာရုံးက ပြောသည်။ တရုတ်တိဗက် တောင်တက်အဖွဲ့က ဧ၀ရက်တောင်ပေါ်သို့ တက်ရောက်ခွင့်ပြုရေး ခွင့်ပြုချက်ပေး မပေးနှင့်ပတ်သက်ပြီး အေအက်ဖ်ပီ၏ မေးမြန်းချက်များကို ငြင်းဆိုထားကြောင်း သိရသည်။

 

အေအက်ဖ်ပီ