နယူးဒေလီ ၁၄  မတ်

 

အိန္ဒိယနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် ပြည်ဝင်ခွင့်ကို တင်းကျပ်စွာကန့်သတ်လိုက်ကြောင်း မကြာသေးမီက သတင်းထုတ်ပြန်လိုက်သည်။

 

နိုင်ငံခြားသားများသို့ထုတ်ပေးသော ခရီးသွားလာခွင့်နှင့် စီးပွားရေးဗီဇာများကို တစ်လခန့် ရပ်နားထားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောကြားသည်။

 

အဆိုပါကန့်သတ်မှုသည် မတ် ၁၃ရက်မှ ဧပြီ ၁၅ ရက် အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ကန့်သတ်မှုတွင် အလုပ်နှင့် သံတမန်ဗီဇာများ မပါဝင်ကြောင်း သိရသည်။ မဖြစ်မနေ လာရောက်ရမည့်ကိစ္စမျိုး ဆိုလျှင် အိန္ဒိယသံရုံးများတွင် ဗီဇာအသစ်များကို လျှောက်ထားနိုင်ကြောင်းနှင့် အခြားသံတမန်ဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း အထောက်အထားများ ရယူနိုင်ကြောင်း သတင်းရရှိသည်။

 

အဆိုပါ တင်းကျပ်စွာ ကန့်သတ်ချက်တွင် ဖေဖော်ဝါရီ  ၁၅ ရက်အထိ တရုတ်နိုင်ငံ၊ အီတလီနှင့် အခြားနိုင်ငံ ငါးနိုင်ငံသို့ သွားရောက်ခဲ့သူများကို ရောဂါခြေချုပ်ဖြင့် ၁၄ ရက်ကြာ စောင့်ကြည့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

အိန္ဒိယနိုင်ငံသည် သူ့နိုင်ငံသားများကို မလိုအပ်ဘဲ နိုင်ငံခြားခရီးသွားလာခြင်း မပြုလုပ်ရန် တင်းကျပ်စွာ အကြံပြုထားသည်။ နိုင်ငံရပ်ခြားသို့ သွားရောက်သူများသည်လည်း အမိမြေသို့ ပြန်လည်ရောက်ရှိလာပါက ၎င်းတို့ကို ၁၄ ရက်ကြာ သီးသန့်ခွဲထားပြီး ရောဂါအခြေအနေကို  စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံသည် ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်များကိုလည်း ပိတ်ထားလိုက်ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုသည် ၇၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။မတ်လအစောပိုင်းကလည်း အိန္ဒိယနိုင်ငံသည် ဂျပန်၊ တောင်ကိုရီးယားနှင့် တချို့နိုင်ငံသားများအတွက် ဗီဇာများကို ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိသည်။

 

အင်န်အိတ်ချ်ကေ