နေပြည်တော် ၇ မတ်

 

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၄) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနိုင်ငံတွင် ပင်စင်စားအင်အား နှစ်စဉ်တိုးတက်လာခြင်း၊ မျှော်မှန်း လူ့သက်တမ်း တိုးမြင့်လာခြင်းများကြောင့် ပင်စင်အသုံးစရိတ်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျခံရလျက်ရှိပါကြောင်း၊ လက်ရှိပင်စင်အသုံးစရိတ်သည် GDP ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ နိုင်ငံတော်အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံနှင့် နိုင်ငံတော်စုစုပေါင်း အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းနီးပါး နှစ်စဉ်သုံးစွဲလျက်ရှိပါကြောင်း။

 

ရေရှည်တည်တံ့ခိုင်မြဲသည့် အမျိုးသားပင်စင်စနစ် ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲရမှုကို ရေရှည်ခံနိုင်စွမ်းရှိစေရန်အတွက် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံ့ဝန်ထမ်း ပင်စင်စနစ်အား အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ ရန်ပုံငွေကို အခြေခံ၍ ခံစားခွင့်ပြုသည့်စနစ်သို့ ပြောင်းလဲရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဤသို့ ဆောင်ရွက်နိုင်ရေးအတွက်  ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေကို ထူထောင်၍ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အဆိုပါရန်ပုံငွေနှင့်စပ်လျဉ်း၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ၊ ဆောင်ရွက်မည့်မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို အချိန်ကာလနှင့် သတ်မှတ်ရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်း ပင်စင်စနစ်သည် နိုင်ငံတော်ဘတ်ဂျက်မှ တိုက်ရိုက်ကျခံသုံးစွဲသော ရန်ပုံငွေထူထောင်ထားခြင်းမရှိသည့် သတ်မှတ်အကျိုးခံစားခွင့်စနစ် ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့်  ပင်စင်စနစ်ဖြစ်ပေါ်လာရေးအတွက် ရန်ပုံငွေကို အခြေခံခွင့်ပြုသည့် စနစ်သို့ပြောင်းလဲရန် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ထူထောင်၍ အနာဂတ်တွင် ပုဂ္ဂလိကဝန်ထမ်းများကိုပါ လွှမ်းခြုံနိုင်မည့် အမျိုးသားပင်စင်စနစ်ကို မျှော်မှန်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကော်မတီအတွင်းရေးမှူး ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က အမျိုးသားပင်စင်စနစ် ပြုပြင်ပြောင်းလဲရေး ကာလတိုနှင့် ကာလရှည်လုပ်ငန်း အစီအစဉ်များ၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေမူကြမ်း ရေးဆွဲနိုင်ရန်နှင့် ရန်ပုံငွေစီမံခန့်ခွဲရေးအတွက် နိုင်ငံတကာ အတွေ့အကြုံများလေ့လာရန် နည်းပညာလုပ်ငန်းကော်မတီ ဖွဲ့စည်းရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များက ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ထူထောင်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြပြီး ကာလတိုအတွင်း ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား အတည်ပြုကြသည်။ 

 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို နိုင်ငံတော်တွင် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ကိုယ်ပိုင်အိမ်ရာဖြင့် နေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် လစဉ်ပင်စင်ထောက်ပံ့နိုင်ရေး တို့အတွက် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၁၉ ဖြင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)