မန္တလေး  ၂၈ ဧပြီ  

 

ပြည်ပရောက် မြန်မာမိသားစုများက ဂုဏ်ပြုချီးမြှင့်သည့် ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ရှိ မန္တလေး ကွန်ဗင်းရှင်း စင်တာ (MCC)၌ ကျင်းပရာ ယခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား ချီးမြှင့်ခဲ့သဖြင့် ပထမဦးဆုံး ပြည်သူ့ဂုဏ်ရည်ဆုရရှိသော အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်လာကြောင်း သိရသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က  မည်သည့်ဆုမဆို ရရှိရန် အလွန်ခက်ခဲကြောင်း၊ ရရှိပြီးပါကလည်း ဆုကိုထိန်းသိမ်းရသည့်အလုပ်မှာ အလွန်ခဲယဉ်းပါကြောင်း၊ ကောင်း သည်ထက်ကောင်းအောင်ကြိုးစားနိုင်ဖို့ ဆုကိုလက်ခံရရှိသူများတွင် တာဝန်ရှိလာကြောင်း၊ ယခု ပေးသော ဆုသည် ပြည်သူလူထုအား အကျိုးပြုခြင်းအတွက်ပေးသော ပြည်သူ့ဂုဏ်ရည်ဆုဖြစ်ခြင်းကြောင့် ဆုကို လက်ခံ ရရှိသူသည် ဆုနှင့်ထိုက်တန်အောင် ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက်ပေးရမည့် တာဝန်ရှိလာကြောင်း အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

 

ယင်းနောက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ဝဏ္ဏနှင့် ပထမဆုံး ပြည်သူ့ဂုဏ်ရည် ဆုရှင် ဦးကျော်သူတို့က  ပြည်သူ့ ဂုဏ်ရည်ဆုချီးမြှင့်ပွဲကျင်းပမှု ၁၀ နှစ်ပြည့် အမှတ်တရ မုဒိတာစကားပြောကြား ကြသည်။ 

 

ထို့နောက် ပြည်သူ့ဂုဏ်ရည်အထူးဆုရရှိသူလေးဦးအား ဆုချီးမြှင့်ရာ မသန်စွမ်းတစ်ယောက်ဖြစ်သော်လည်း ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းရာကောင်းကျိုး အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ လုပ်ကိုင်ဆောင်ရွက်နေသည့် ဆရာမဒေါ်အိအိညိမ်း၊ အမှိုက်များ သန့်ရှင်းတဲ့မြို့၊ နိုင်ငံအဖြစ် ရောက်ရှိအောင် ကိုယ့်ဝန်ကိုယ့် အားဖြင့် ဆောင်ရွက်နေသည့် Clean Yangon Campaign အဖွဲ့၊ ပြည်တွင်းစစ် ရပ်ဆိုင်းရေးနှင့် ငြိမ်းချမ်းရေးရှိအောင် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသည့် မဆွတ်ဆိုင်းထွယ်နှင့် အမှန်တရား အတွက် ကိုယ့်ကျိူးစွန့်ခဲ့သည့် ဒုရဲမှူး တာဝန် ထမ်းဆောင်ခဲ့သူ ဦးမိုးရန်နိုင်တို့ကရရှိရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက ဆုများပေးအပ် ချီးမြှင့် ကြသည်။

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို  မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်များက လက်ခံရယူကြသည်။

 

အဆိုပါ ဆုချီးမြှင့်ပွဲတွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား ချီးမြှင့်သည့်အတွက် များစွာဝမ်းမြောက်မိကြောင်း၊ ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်လိ်ုက်ခြင်းသည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအတွက်  မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်ကြဖို့အတွက် အင်မတန်ကြီး မားသော တွန်းအားနှင့် အင်အားကြီး တစ်ခုဖြစ်ကြောင်း၊ ဆုရရှိသော ငွေများကိုလည်း မြို့တော်ဖွံ့ဖြိုးရေး အတွက် ၂၆ လမ်း ပလက်ဖောင်းမီးတိုင်များ စိုက်ထူသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ဂုဏ်ရည်အသင်းကို မန္တလေးမြို့တော်သူ မြို့တော်သားများ ကိုယ်စား၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကိုယ်စား အထူး ကျေးဇူးတင်ကြောင်း ပြောကြားသည်။

 

မြန်မာနိုင်ငံအတွင်းရှိ လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ လုပ်ငန်းများကျယ်ပြန့်ထိရောက်အောင်မြင်ပြီးစီးအောင်ဆောင်ရွက်နိုင်မှုနှင့် နိုင်ငံသား များနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှုများအပေါ်တွင် အခြေခံ၍ ပြည်ပရောက် မြန်မာမိသားစုများက ဂုဏ်ပြုချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံး အကြိမ်စတင်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ဆုရွေးချယ်သည့်စနစ်မှာ အစပိုင်းတွင် ကမ္ဘာ့နေရာအနှံ့၌ ပြန့်ကျဲနေသော အဝေးရောက်မြန်မာနိုင်ငံ သားများ၏ သဘောထားကို ပေါ်လွင်ထင်ဟပ်နိုင်စေရန် အင်တာနက် မဲပေးမှုစနစ်ဖြင့် ရွေးချယ်ဆုံးဖြတ်ခဲ့ပြီး တတိယအကြိမ်မြောက်မှစတင်၍  ပြည်သူ့ဂုဏ်ရည်အသင်းမှ  ပြည်သူ့ဂုဏ်ရည်ဆုနှင့် ပြည်သူ့ဂုဏ်ရည် အထူးဆု များကို  ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအား ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြည်သူ့ ဂုဏ်ရည်အသင်း ၂၀၁၅ - ၂၀၁၆ ခုနှစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ လော့စ်အင်ဂျလိစ့်ဌာနခွဲမှ ဦးကျော်ဝဏ္ဏက “ပြိုလဲခဲ့တဲ့နိုင်ငံကြီးကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ရေးအတွက် ထိရောက်မြန်ဆန်တဲ့ စီမံခန့်ခွဲမှု၊ မဆုတ်မနစ် ကြိုးစားအားထုတ်တဲ့လုံ့လဝီရိယတွေနဲ့ နမူနာကောင်းတွေပေးနေတဲ့အတွက် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီကို ဒီဆုနဲ့ဂုဏ်ပြုတာပါ”ဟုပြောကြားသည်။

 

ပထဆုံးပြည်သူ့ဂုဏ်ရည်ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၇၀ဝ၀ ချီးမြှင့်ခဲ့ပြီး ဒုတိယအကြိမ်မှစတင်၍ အမေရိကန်ဒေါ်လာ ၁၀ဝ၀ဝ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများ စုစည်း တည်ထောင်ထားသော ပြည်သူ့ဂုဏ်ရည်အသင်းမှ ၁၀ နှစ်တာကလအတွင်း မြန်မာနိုင်ငံပြည်တွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့သည့်အခါ လိုအပ်သော အကူအညီများအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၇ သိန်းခွဲကျော်ကိုလည်း လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ - မင်းထက်အောင်(မန်းကိုယ်ပွား)

 

age DSC_3