မူဆယ် ၂၈ ဧပြီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြိုနယ် မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် နယ်မြေအတွင်း မြန်မာသရက်သီးများ အရောင်းအဝယ် ကောင်းနေကြောင်း သိရသည်။

 

75816

 

တရုတ်-မြန်မာ သရက်သီးရောင်းဝယ်မှုကို (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နယ်မြေအတွင်းရှိ အများနှင့်သက်ဆိုင်သော အရှေ့မြောက်တံခါး ကုမ္ပဏီလိမီတက် အသီးရောင်းဝယ်ကွင်းတွင် နံနက်(၇)နာရီမှ (၁၀)နာရီဝန်းကျင်အထိ နေ့စဉ်အရောင်းအဝယ်ပြုလုပ်နေကြောင်း၊ ယနေ့နံနက်ပိုင်းတွင် သရက်သီးကား (၅၉)စီး ဝင်ရောက်ခဲ့ပြီး သရက်သီးဂျက်ဖာ (၂၄၆၇၂)ဖာ ရောင်းချခဲ့ကြောင်း သိရသည်။

 

သရက်သီးရောင်းဈေးတွေကတော့ စိန်တလုံး(အိတ်စွတ်) ယွမ်(90)မှ (155)ယွမ်ထိ၊ စိန်တလုံး(အိတ်လွတ်) ယွမ်(40)မှ ယွမ် (80) ထိ၊ ကြမ်းချောမယ်သီသရက် ယွမ်(70)မှ ယွမ် (90) ထိ၊ ဟင်္သာ(အိတ်စွတ်) ယွမ်(70)မှ ယွမ်(140)ထိ၊ ဟင်္သာ(အိတ်လွတ်) ယွမ်(40)မှ ယွမ်(70)ထိ၊ ရင်ကွဲ(အိတ်) ယွမ်(40)မှ ယွမ် (80) ထိ အသီးသီးရရှိခဲ့သည်။

 

“ဒီနှစ် သရက်သီးရောင်းဝယ်ရတာ ယခင်နှစ်တွေထက် ပိုပြီးကောင်းပါတယ်၊ ဒါပေမယ့် အဝင်နည်းနေသေးတယ်၊ အရင်ဆိုရင် ဒီလိုအချိန်ဆို လိုင်လိုင်ပေါနေပြီ၊ ဈေးနှုန်းလည်း အရင်လိုတက်လိုက် ကျလိုက် မဖြစ်ပါဘူး။ ပုံမှန်အနေအထားမှာရှိပါတယ်၊ အဓိကတော့ သရက်သီးတင်တဲ့နေရာမှာ အပေါ်အောက်ညီရမယ်၊ အပြစ်အနာစာ ကင်းရမယ်၊ အလုံးအရည်အသွေးကောင်းတယ် ဆိုရင်တော့ ရောင်းသူဝယ်သူအတွက် ပိုပြီးအဆင်ပြေပါတယ်။

 

လောလောဆယ်တော့ မိုးလဲသိပ်မရွာတော့ သရက်သီးက ပျောက်တွေမပါပဲ အရမ်းကို လှနေတဲ့အတွက် ရောင်းဝယ်ရတာ အဆင်ပြေပါတယ်”ဟု စုပေါင်းပွဲရုံ ဒေါ်နန်းရွှေစိန်က ပြောသည်။

 

မြန်မာနိုင်ငံတွင် သရက်သီးများကို နေရာအနှံ့အပြား စိုက်ပျိုးကြတာဖြစ်ပြီး သရက်သီးအမျိုးအစား (၁၀)မျိုးလောက်ရှိသည်ဟု သိရသည်။

 

သန့်ဇင်(မူဆယ်)