နေပြည်တော် အောက်တိုဘာ ၁၆

 

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပလျက်ရှိသော (၁၃) ကြိမ်မြောက် အာဆီယံသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့ က်ရောက်လျက်ရှိရာ ယမန်နေ့ညပိုင်းတွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံက တည်ခင်းသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် အခြားသော အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်နန်းတော်၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Samdech Moha Borvor Thipadei Hun Manet နှင့်တွေ့ဆုံပြီး (၁၃)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Sofitel ဟိုတယ်တွင်ပြုလုပ်သည့် (၅)ကြိမ်မြောက် အာဆီယံ-တရုတ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ ဆက်လက် တက်ရောက်သည်။ အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်(၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်နိုင်မှု အခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်(၂၀၂၁-၂၀၂၅)ရေးဆွဲ၍ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် ဒေသတွင်း ရလဒ်ကောင်းများ ရရှိခဲ့ပါကြောင်း၊ မန္တလေးငလျင်ကြီး ကြုံတွေ့ခံစားရချိန်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ ချက်ချင်းစေလွှတ်ပေးခဲ့မှု၊ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကူညီပေးခဲ့မှုများအတွက် ကျေးဇူးအထူး တင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် အာဆီယံဒေသဖြစ်စေရေး အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးသည်။

 

မွန်းလွဲပိုင်းတွင် (၅)ကြိမ်မြောက် အာဆီယံ-ဂျပန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေးစနစ် (Disaster Emergency Logistic System for ASEAN- DELSA) ထူထောင်ခြင်းအပါအဝင် အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မန္တလေးငလျင်ကြီး တုံ့ပြန်ဆောင်ရွက်ရေးတွင် ဂျပန်နိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များနှင့် ကယ်ဆယ်ရေးပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၄)ကြိမ်မြောက် အာဆီယံ-ကိုရီးယား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်သည်။

 

ထို့နောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၏ ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၆ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် အင်ဒိုနီးရှားနိုင်ငံသို့ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည်။

 

အစည်းအဝေးများသို့ အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံတို့မှ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယဝန်ကြီးချုပ်များနှင့်ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်