နေပြည်တော် ၂၉ ဧပြီ 

(၁၅)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ  အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးကဏ္ဍ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့် အဖွဲ့အစည်းများပြားသဖြင့် ပူးပေါင်းဆောင်ရွက်မှုသာမက စနစ်တကျ ချိန်ကိုက်ချိတ်ဆက် ဆောင်ရွက်မှုမှာလည်း အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ INGO/ Local INGO များ၊ မိတ်ဖက်အဖွဲ့အစည်းများ စသည်တို့အကြား သတင်းအချက်အလက် အပြန်အလှန်ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်မှုပိုမို အားကောင်းစေရေးအတွက် ထိရောက်သော မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များနှင့် မူဘောင်များ ချမှတ်သွားရမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများအကြား လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု မူဘောင် ရေးဆွဲချမှတ်ထားရှိခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် အောင်မြင်မှုအခြေအနေ ဆန်းစစ်သုံးသပ်ရာတွင် လည်းကောင်း များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ၊INGO/ Local NGO နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် နှစ်အလိုက် လုပ်ငန်းဆောင်ရွက်အောင်မြင်မှု စာအုပ်များကို လည်းပြုစုစေလိုပါကြောင်း၊ ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်များအနေဖြင့် နှစ်ပတ်လည်အစီရင်ခံစာများ ပြုစုထုတ်ဝေသည့်အခါ သက်ဆိုင်ရာစီမံချက်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုပါ ထည့်သွင်းစေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ မကူးစက်တတ်သော ရောဂါများကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဦးစားပေး သတ်မှတ်ဆောင်ရွက်လျက်ရှိရာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆီးချိုနှင့်သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ ဆေးပေးခန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆန်းစစ်သုံးသပ်ကာ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ခွင့်ပြုဘဏ္ဍာငွေ၊ အဖွဲ့အစည်းများမှ ရန်ပုံငွေများကို ရရှိဖြန့်ဝေသုံးစွဲမှုဆိုင်ရာ resource flow analysis ကိုလည်း ဆောင်ရွက်သွား စေလိုပါကြောင်း။

ကျန်းမာရေးကဏ္ဍလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုကောင်းစွာဖြင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
    
အစည်းအဝေးတွင် M-HSCC Secretariat Mr. Ole က tracking of last meeting minutes action points ကိုလည်းကောင်း၊ UNOPS အဖွဲ့က Brief on Reprogramming 2019 and 2020 ကိုလည်းကောင်း၊ Save the Children အဖွဲ့က Global Fund Reinvestment Plan of HIV, TB and Malaria ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (မကူးစက်) ဒေါက်တာကျော်ကံကောင်းက Response to NCD and Action Plan Development ကိုလည်းကောင်း၊ နည်းပညာအကြံပေး Mr. Leigh Mitchell က Myanmar’s Aid Information Management System ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က Restructuring of Myanmar Health Sector Coordinating Committee ကိုလည်းကောင်း၊ UNOPS နှင့် Save the Children  အဖွဲ့တို့က Reports of Global Fund Grants Implementations ကိုလည်းကောင်း၊ လက်ထောက်အတွင်းဝန် (NIMU) ဒေါက်တာသန့်စင်ထူးက Updates from NIMU on health financing and mapping of ODA to health sector and discussion ကိုလည်းကောင်း၊ Technical Strategy Group (၇)ခုတို့မှ လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာ နောက်ဆုံးအချက်အလက်များနှင့် Updates from Regional Steering Committee Meeting ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။ 

(သတင်းစဉ်)