ဂွ ၂၉ ဧပြီ
ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်သည် သံတွဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှကြည်နှင့်အတူ ဂွမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဂွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဦးစောဝင်းက မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အခြေအနေကို ရှင်းလင်းတင်ပြရာ ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က လုပ်ငန်းများကို ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရန် ပြောကြားသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာ ၂၁ ရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း၊ ကျေးလက် ကုန်ထုတ်လမ်းပေါ်တွင် တံတား တစ်စင်းနှင့် Box Culvert ခြောက်စင်း တည်ဆောက်ခြင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်း၊ လက်တူးတွင်း တူးဖော်ခြင်း၊ ရေပိုက်လိုင်း တိုးချဲ့ခြင်း၊ ကျေးလက်အိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၅၉၆ ဒသမ ၈၂သန်းအကုန်အကျခံကာ ဂွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


