တောင်ကြီး ၄ မေ
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း ပိတ်သိမ်းပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးမြက်ခင်းပြင်၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လူရည်ချွန် မောင်မယ်များ အင်းလေး ခေါင်တိုင်စခန်းတွင် နေထိုင်ခဲ့သည့်ကာလအတွင်း လေ့လာသိရှိရသည့် အချက်များကို မှတ်မိရုံသာမက တွေးတတ်၊ ခေါ်တတ်၊ စိစစ်တတ်ပြီး ကြောင်းကျိုးဆက်စပ် စဉ်းစားတတ်ရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိလိုအပ်ချက်များရှိပါက သင့်ဓားတိုလျှင် ရှေ့တစ်လှမ်းတိုးခုတ်ပါ ဆိုသကဲ့သို့ သာမန်ထက် ပိုပြီးကြိုးစားအားထုတ်ရမည် ဖြစ်ကြောင်း၊ ရုပ်ပိုင်းစိတ်ပိုင်း အချိုးညီညီ ဖွံ့ဖြိုးရန် စာဖတ်ကြရန် လိုအပ်ကြောင်းတိုက်တွန်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လူရည်ချွန်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် ပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြရာ လူရည်ချွန်များကိုယ်စား နဝမတန်းလူရည်ချွန် မောင်ခန့်ညားနန္ဒက ကျေးဇူးတင်စကား ပြောကြားသည်။
အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှူး ဦးဆောင်သော ၂၀၁၉ ခုနှစ် နဝမတန်း လူရည်ချွန်လူငယ်များသည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ရှိ ထမ်ဆန်းလိုဏ်ဂူသို့ သွားရောက်လေ့လာကြသည်။ ထမ်ဆန်းလိုဏ်ဂူသည် ဂူဝအကျယ် အကျယ် ၁၅ ပေ၊ အမြင့် ၁၂ ပေခန့်ရှိပြီး အတွင်းပိုုင်း ၂၁၈၅ ပေအထိ သဘာဝ ကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များနှင့် ဘုရားစေတီပုထိုး များစွာကို ဖူးမြော်လေ့လာနိုင်သည်။ ယခုအခါ ထမ်ဆန်းလိုဏ်ဂူသည် ဟိုပုံးဒေသ၏ အထင်ကရနေရာတစ်ခုအဖြစ် တည်ရှိနေသည်။ ရှေးဟောင်းသုတေသနအဖွဲ့၏ လေ့လာဆန်းစစ်ချက်အရ ယင်းဂူ၏ သက်တမ်းသည် နှစ်ပေါင်း ၂ ဒသမ ၅ သန်းမှ ၃ သန်းခန့် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ လူရည်ချွန်လူငယ်များသည် ထမ်ဆန်းဂူရွှေတိဂုံပုံတူ စေတီတော်ကြီးကို သွားရောက်ဖူးမြော် လေ့လာကြသည်။
မွန်းလွဲပိုင်းတွင် လူရည်ချွန်လူငယ်များသည် ကျောက်တလုံးကြီးမြို့နယ်ရှိ မွေတော်ကက္ကူဘုရားများကို သွားရောက် ဖူးမြော်လေ့လာကြသည်။ မွေတော်ကက္ကူဘုရားများသည် ယခုအချိန်တွင် စေတီပေါင်း ၂၅၀ဝ ခန့်ရှိပြီး ပါးစပ်ရာဇဝင်အရ တောင်သူကွမ်းညှပ် တဖျပ်ဖျပ်ဟုခေါ်ပြီး စေတီပေါင်း ၇၆၂၃ ဆူရှိသည်ဟု ဆိုကြသော်လည်း မှတ်တမ်းများအရ ၁၉၁၈ ခုနှစ်တွင် ၂၄၀၂ ဆူ၊ ၁၉၂၈ ခုနှစ်တွင်၂၅၄၈ ဆူနှင့် ၂၀ဝ၁ ခုနှစ်တွင် ၂၄၇၈ ဆူရှိခဲ့ကြောင်း သိရသည်။
ထို့နောက် လူရည်ချွန်လူငယ်များသည် တောင်ကြီးမြို့ရှိ ယဉ်ကျေးမှု ပြတိုက်သို့ သွားရောက်၍ တိုင်းရင်းသား ရိုးရာပြခန်းများကို ကြည့်ရှုလေ့လာကြကာ မြို့မဈေးကြီးအတွင်း ဒေသ၏ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို သွားရောက်လေ့လာကြသည်။ ညပိုင်းတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ မီးပုံပွဲကျင်းပ၍ စခန်းသိမ်းပွဲကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်းသိရသည်။
ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ - သီဟစည်သူ


