မန္တလေး ၂၇ ဧပြီ
၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ဘက်စုံပညာထူးချွန်လူငယ်အဖြစ် ရွေးချယ်ခံထားရသော အခြေခံပညာ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်း ကျောင်းသားကျောင်းသူများ ပုဂံ၊ အင်းလေးနှင့် ငွေဆောင် အပန်းဖြေစခန်းများသို့ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ရန် မန္တလေးစုရပ်သို့ ဧပြီ ၂၇ ရက်တွင် စတင်ရောက်ရှိလာပြီကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဘက်စုံပညာထူးချွန် လူငယ်များအား တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အတန်းစဉ်အလိုက် ၁၇၈ ဦးနှုန်းဖြင့် စိစစ်ရွေးချယ်ထားပြီး အဆိုပါလေ့လာရေး ခရီးစဉ်အသီးသီးသို့ သွားရောက်ရန် မန္တလေးမြို့ရှိ အထက(၁)၊ အထက(၄)၊ အထက(၁၄)နှင့် အထက (၂၂) ကျောင်းတို့တွင် စုရပ်အဖြစ် သတ်မှတ်ထားရှိကာ ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ၎င်းစုရပ်များမှ အပန်းဖြေစခန်း အသီးသီးသို့ ထွက်ခွာကြမည် ဖြစ်သည်။
''ပြည်နယ်နဲ့ တိုင်းအသီးသီးက ရောက်ရှိလာတဲ့ လူရည်ချွန် ကျောင်းသားကျောင်းသူတွေကို ကျွန်မတို့ မန္တလေးမှာ စုရပ်အဖြစ် သတ်မှတ်ထားတဲ့ကျောင်းတွေမှာ တည်းခိုမှု၊ စားသောက်ရေး၊ ကျန်းမာရေးတွေကို လိုလေသေးမရှိ ဆောင်ရွက်ပေးတဲ့အပြင် လူရည်ချွန်ကြီးတွေနဲ့ မျိုးသစ်လူရည်ချွန်တွေ တွေ့ဆုံတဲ့ အခမ်းအနားတွေကိုလည်း ကျင်းပပေးပါတယ်။ အထက်မြန်မာပြည်က ငွေဆောင်အပန်းဖြေစခန်းကိုသွားမယ့် ဒသမတန်း လူရည်ချွန်တွေက ဧပြီ ၂၇ ရက် ညနေ ၆ နာရီခွဲမှာ မန္တလေးစုရပ်ကနေ စတင်ထွက်ခွာမှာဖြစ်ပြီး ကျန်ရှစ်တန်းနဲ့ ကိုးတန်းကတော့ ဧပြီ ၂၉ ရက် နံနက် ၇ နာရီမှာ မန္တလေးက မြနန်းစံကျော် ရွှေနန်းတော်နဲ့ မဟာမုနိဘုရားကို သွားရောက်ဖူးမြော်ပြီး ပုဂံနဲ့ အင်းလေးအပန်းဖြေ စခန်းကို ထွက်ခွာသွားကြမှာဖြစ်ပါတယ်'' ဟု အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ချောစုလွင်က ပြောသည်။
အဆိုပါဘက်စုံပညာ ထူးချွန်လူငယ်များအနက် အဋ္ဌမတန်း ကျောင်းသားကျောင်းသူများအတွက် ပုဂံ အပန်းဖြေစခန်းသို့လည်းကောင်း၊ နဝမတန်းအတွက် အင်းလေး အပန်းဖြေစခန်းသို့လည်းကောင်း၊ ဒသမတန်းအတွက် ငွေဆောင်အပန်းဖြေစခန်းသို့လည်းကောင်း လေ့လာရေးခရီစဉ်အဖြစ် သွားရောက်ကြမည်ဖြစ်ပြီး ၎င်းအပန်းဖြေစခန်း အသီးသီးကို မေလ ၁ ရက်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပ၍ တစ်ပြိုင်းတည်း ဖွင့်လှစ်ကာ မေလ ၄ ရက်တွင် စခန်းသိမ်းပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


