ငွေဆောင် ၃၀ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ်၌ ၂၀၁၉ ခုနှစ် ဒဿမတန်းလူရည်ချွန်စခန်းကို ယခုလာမည့် မေလ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပုလဲငွေဆောင်ဟိုတယ်ခန်းမ၌ ၂၀၁၉ ခုနှစ် ဒဿမတန်း လူရည်ချွန်မောင်မယ်(၁၇၈)ဦးနှင့် (၁၉၆၄-၁၉၈၈)ခုနှစ်လူရည်ချွန်ဟောင်းကြီးများ တွေ့ဆုံပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် လူရည်ချွန်ဟောင်းကြီး(၁၀)ဦးမှ တစ်ဦးချင်းမိတ်ဆက်ခြင်း/မျိုးဆက်သစ် လူရည်ချွန်မောင်မယ်များအား လက်ဆောင်ပစ္စည်းပေးအပ်ခြင်း၊ ဉာဏ်စမ်းပဟေဠိဖြေဆိုရန်စည်းကမ်းနှင့် မေးခွန်းလွှာများပေးအပ်ခြင်း၊ မျိုးဆက်သစ် လူရည်ချွန်များအဖွဲ့(ANGL) ဗဟိုအဖွဲ့မှ မိတ်ဆက်ခြင်း/ မျိုးဆက်သစ် လူရည်ချွန်မောင်မယ်များမှလူရည်ချွန်သီချင်း(၂)ပုဒ် သီဆိုခြင်းနှင့် တာဝန်ရှိသူများက ဉာဏ်စမ်း ပဟေဠိဆုရ လူရည်ချွန်မောင်မယ်အဖွဲ့များအား အမှတ်တရဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မျိုးဆက်သစ်လူရည်ချွန်များကိုယ်စား (၃)ထပ်ကွမ်း လူရည်ချွန်များဖြစ်သော မောင်ဇေလင်းမြတ်နှင့် မဝင်းလဲ့လဲ့မောင်တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြပြီး တွေ့ဆုံပွဲ အောင်မြင်စွာပြီးစီးခဲ့ကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ (၁၉၆၄-၁၉၈၈) လူရည်ချွန်ဟောင်းကြီးများ၊ တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကြီးကြပ်ဆရာ ဆရာမ(၁၈)ဦးနှင့် လူရည်ချွန်မောင်မယ် (၁၇၈)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
လူရည်ချွန်စခန်း(ငွေဆောင်)ကို မေလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ထုတ်ကုန်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများနှင့် အခြားထင်ရှားသော နေရာ များသို့ လေ့လာရေးခရီးစဉ်စေလွှတ်ခြင်း၊ ဂုဏ်ပြုပွဲ၊ တွေ့ဆုံဆွေးနွေးပွဲ/ကာယဉာဏဘက်စုံဖွံ့ဖြိုးရေး ဂိမ်းကစားပွဲများနှင့်စခန်းသွင်းလေ့ကျင့်ခြင်းအစီအစဉ်များ/ဖျော်ဖြေရေးနှင့် အနားယူအပန်းဖြေခြင်းအစီအစဉ်များကိုလည်း စခန်းကာလအတွင်းနေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပညာဦးစီးဌာနထံမှ သိရှိရသည်။
MDN


