ပုဂံ  ၄ မေ

           

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၁၉ ခုနှစ် အဋ္ဌမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို ယနေ့ ညပိုင်းက မြနန်းဘုံဟိုတယ်၌ ကျင်းပသည်။

           

အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

           

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

           

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့အား ပုဂံလူရည်ချွန်စခန်းမှူး၊ လူရည်ချွန်ကြီးများနှင့် မြနန်းဘုံဟိုတယ်မိသားစုတို့က အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

           

ထို့နောက် ပုဂံလူရည်ချွန်စခန်းမှူးအား မြနန်းဘုံဟိုတယ်မိသားစုတို့က အမှတ်တရ လက်ဆောင် ပေးအပ်ပြီး အဋ္ဌမတန်း ကျောင်းသား ကျောင်းသူများအား ပုဂံလူရည်ချွန်စခန်းမှ ကြီးကြပ်ဆရာ ဆရာများက အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

           

ယင်းနောက် ၂၀၁၉ ခုနှစ် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး လူရည်ချွန်မောင်မယ်များနှင့် မြင့်တေးဂီတအဖွဲ့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

သတင်း-ကိုမင်း၊ ဓာတ်ပုံ-မင်းမင်း