ရန်ကုန် ၆ မတ်
ယနေ့(မတ်လ ၆ ရက်)တွင် စတင်ကျင်းပသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇၃ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။
ထိုသို့ဖြေဆိုရာတွင် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ အမှတ်(၁၃) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အကျဉ်းသား ကျောင်းသား ၆၆ ဦး၊ အကျဉ်းသူ ကျောင်းသူ ၃ ဦး၊ အချုပ်သား ကျောင်းသား ၂ ဦး၊ လွတ်မြောက်ပြီး ပြင်ပမှလာရောက်ဖြေဆိုသူ ၂ ဦး စုစုပေါင်း ၇၃ ဦးရှိကြောင်း သိရသည်။
ယနေ့ စာမေးပွဲစတင်ဖြေဆိုရာတွင် အကျဉ်းဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအေးသွင်၊ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်တို့က အင်းစိန်မြို့နယ် စာစစ်ဌာနခွဲအဖြစ် ဖွင့်လှစ်ထားသည့် အကျဉ်းထောင် (အင်းစိန်)အတွင်းရှိ အမှတ်(၁၃) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲလာရောက် ကြီးကြပ်သည့် ပြင်ပ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ အားတွေ့ဆုံ နှုတ်ဆက်၍ လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအား အကျဉ်းထောင် အတွင်း၌ စာပေသင်ကြားပေးရာတွင် ပြင်ပ၌ စာပေသင်ကြားခြင်း အတွေ့အကြုံရှိပြီး ဘွဲ့ရ/ မဟာဘွဲ့ရ အကျဉ်းသား ကျောင်းအုပ်ဆရာ/ ကျောင်းဆရာများက စာသင်နှစ် မှစ၍ အနီးကပ် သင်ကြားပေးခဲ့ကြသည်။
ထို့အပြင် ပြင်ပမှ ဆရာ၊ ဆရာမများကိုလည်း လာရောက်သင်ကြား စေလျက်ရှိကြောင်း၊ အင်းစိန်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး အပါအဝင် အင်းစိန်မြို့နယ်အတွင်းရှိ အလက(၁၃)၊ အထက(၂)၊ အထက(၆)ကျောင်းများမှ ဆရာ ၃ ဦးနှင့် ဆရာမ တစ်ဦးတို့ကလည်းကောင်း၊ ပြင်ပ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ ၂ ဦးတို့က လည်းကောင်း၊ မင်္ဂလာကျောင်း ပရဟိတစာသင်ဝိုင်းမှ ဆရာတစ်ဦး၊ ဆရာမ နှစ်ဦးတို့ကလည်းကောင်း၊ ပြင်ပစာသင်ဝိုင်းတွင် ကြားလျက်ရှိသည့် ဆရာမတစ်ဦးကလည်းကောင်း၊ စုစုပေါင်း ပြင်ပမှ ဆရာ၊ ဆရာမ ၁၀ ဦးတို့က ၎င်းတို့ သင်ကြားရမည့်ရက်များအလိုက် လာရောက်သင်ကြားပေးကြကြောင်း သိရသည်။
အကျဉ်းထောင်အနေဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအား ရက်သတ္တပတ်တစ်ပတ်လျင် ၆ ရက်နှုန်းဖြင့် သင်္ခန်းစာများကို သက်ဆိုင်ရာ ဆရာ၊ ဆရာမများက လေ့ကျင့်သင်ကြားပို့ချပေးပြီး ထိုသို့ သင်ကြားပို့ချရာတွင် တစ်ရက်လျှင် ခုနစ်ချိန်နှုန်းဖြင့် တစ်ချိန်လျင် ၄၅ မိနစ် စီရှိကြောင်း သိရသည်။
သင်ကြားမှုများအား ပြန်လည်ဆန်းစစ်မှုများအနေဖြင့် နေ့စဉ်ဆန်းစစ်ချက်၊ လစဉ်ဆန်းစစ်ချက်၊ နှစ်ဝက် ဆန်းစစ်ချက်နှင့် နှစ်ကုန်ဆန်းစစ်ချက်များကို ပြုလုပ်ပြီး လေ့ကျင့်ပေးခဲ့ကြောင်း၊ တစ်နှစ်ပတ်လုံး ည ၇ နာရီမှ ၈ နာရီခွဲတစ်ကြိမ်၊ ည ၉ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ နံနက် စောစော ၅ နာရီမှ ၆ နာရီအထိ တစ်ကြိမ် သင်ခန်းစာများကို ပြန်လည်လေ့ကျင့် ကျက်မှတ်စေခဲ့ကြောင်းသိရသည်။
ထို့အပြင် စိတ်ပျော်ရွှင်စေရန်နှင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန် အားကစားလှုပ်ရှားမှုများကို ညနေပိုင်း အားလပ်ချိန်များတွင် ၎င်းတို့၏ ကြိုက်နှစ်သက်ရာ အားကစားနည်းများအလိုက် လွတ်လပ်စွာ ပြုလုပ်စေခဲ့ကြောင်း၊ ကျန်းမာရေး ကောင်းမွန်စေရေးနှင့် အာဟာရပြည့်ဝစေရေးတို့အတွက် အားဖြည့်အစားအစာများနှင့် ဆေးဝါးများကို စာမေးပွဲမဖြေဆိုမီ တစ်လခွဲအလိုမှစ၍ ယနေ့အထိ ကျွေးမွေးလျက်ရှိကြောင်း၊ ထို့အပြင် ၎င်းတို့အားလုံးကို အကျဉ်းထောင်၏ မည်သည့်လုပ်ငန်းကိုမှ တာဝန်ပေးခိုင်းစေခြင်းမပြုကြောင်းနှင့် ပြင်ပကျောင်းသား ကျောင်းသူများနည်းတူ စာပေသင်ကြားခြင်း တစ်မျိုးတည်းကိုသာ ဆောင်ရွက်စေကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။
အလားတူ အဆိုပါ အကျဉ်းသား၊ အကျဉ်းသူများအား အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးနှင့် အကျဉ်းထောင်တာဝန်ရှိသူများက အားဖြည့် စားသောက်ဖွယ်ရာများကို ကိုယ်တိုင် ဝေငှကျွေးမွေးခြင်း၊ အားပေးစကားများပြောကြားခြင်းများအပြင် လိုအပ်သည့် စာရေးကိရိယာနှင့် သင်ထောက်ကူ ပစ္စည်းများကို လုံလောက်အောင် ထောက်ပံ့ဖြည့်ဆည်း ပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်ဗဟို အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူများအနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်မှု အနေဖြင့် အဆိုပါနှစ်တွင် ၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၇ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၁၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၉ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၉ ဦး၊ စုစုပေါင်း ၄၈ ဦး အောင်မြင်ခဲ့ကြပြီး ဂုဏ်ထူးရှင် ၉ ဦးထွက်ပေါ်ခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


