နေပြည်တော် ၆ မတ်
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းတွင် စတင်ဖြေဆိုကြရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၅၁၅၇၀)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ထိုသို့ဖြေဆိုလျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။
“၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းတွေကတော့ အရင်နှစ်တွေနဲ့ မေးခွန်းပုံစံမတူပါဘူး။ မေးခွန်းပုံစံ နည်းနည်းပြောင်းသွားပါတယ်။ အဓိကကတော့ ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းတွေကတော့ ကျောင်းသား ကျောင်းသူတွေ စဉ်းစားတွေးခေါ်မှုကို ပိုပြီးတော့ မြှင့်တင်ပေးတဲ့ မေးခွန်းပုံစံတွေဖြစ်လာပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံ ပြောင်းလဲထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
“ကျောင်းသား ကျောင်းသူတွေအနေနဲ့ စာမှန်မှန်လေ့လာခဲ့မယ်။ ဆရာ ဆရာမ တွေသင်ကြားပေးတဲ့ သင်ခန်းစာတွေကို မှန်မှန်လေးလုပ်ခဲ့မယ်။ မိဘတွေကလည်း ဆရာ ဆရာမတွေနဲ့ ပူးပေါင်းပြီး ကျန်းမာရေး၊ အဟာရနှင့် ကလေးတွေလိုအပ်တဲ့ အပိုင်းတွေကို စနစ်တကျဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့မယ်ဆိုရင် စာမေးပွဲက ဖြေဆိုအောင်မြင်ဖို့ လွယ်ကူပါတယ်”ဟုလည်း ပြည်ထောင်စုဝန်ကြီးက အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက “မိဘတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေကို အဓိက အသိပေးလိုတာက ဘာသာတွဲရွေးချယ်မှုပါ။ ဘာသာတွဲရွေးချယ်မှုဟာ အင်မတန် အရေးကြီးပါတယ်။ ဘာသာတွဲရွေးချယ်မှုဟာ တက္ကသိုလ်ဝင်စာမေးပွဲအတွက် အဓိက အရေးကြီးဆုံး ဖြစ်ပါတယ်။ ဘာသာတွဲရွေးချယ်မှု မှန်ခဲ့မယ်ဆိုရင် စာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုအောင်မြင်မှာ ဖြစ်ပါတယ်” ဟု ဘာသာတွဲရွေးချယ်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အလားတူ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကလည်း နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆို နေမှုကို လိုက်လံကြည့်ရှု အားပေးကြကြောင်းသိရသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ မြို့နယ် ၈ မြို့နယ်တွင် စာစစ်ဌာန(၅၀)၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၄၈၂၇)ဦး ဖြေဆိုလျက်ရှိသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၃၂ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ အကြာအာရုံ မသန်စွမ်းဖြေဆိုသူ ၁၅ ဦး၊ အကျဉ်းထောင်များမှ ဖြေဆိုသူ ၁၈၁ ဦးနှင့် ဆေးရုံများမှ ဖြေဆိုသူ (၉၄)ဦးရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြပြီး မတ်လ ၇ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ်လ ၈ ရက်တွင် သင်္ချာဘာသာရပ်၊ မတ်လ ၉ ရက်တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်၊ မတ်လ ၁၁ ရက်တွင် ဓာတုဗေဒဘာသာရပ်၊ မတ်လ ၁၂ ရက်တွင် ရူပဗေဒဘာသာရပ်၊ မတ်လ ၁၃ ရက်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်၊ မတ်လ ၁၄ ရက်တွင် ပထဝီဝင်ဘာသာရပ်နှင့် မတ်လ ၁၅ ရက်တွင် သမိုင်းဘာသာရပ်များကို ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း- မော်စီ
ဓာတ်ပုံ- ကျော်ရဲဆွေ


