၂၀၂၄ ခုနှစ် နှစ်သစ်ကာလတွင် မန္တလေးဈေးကွက်အတွင်း ပြည်ပပို့ကုန်ပဲများနှင့် ဆီထွက်သီးနှံများ အရောင်းအဝယ်ကောင်းမွန်နေ

မန္တလေး ဇန်နဝါရီ ၈

 

၂၀၂၄ ခုနှစ် နှစ်သစ်ကာလတွင် မန္တလေးဈေးကွက်အတွင်း၌ ပြည်ပပို့ကုန်ပဲများနှင့် ဆီထွက်သီးနှံများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

၂၀၂၃ ခုနှစ်အကုန် ကူးပြောင်းချိန်ကာလတွင် ပြည်ပဈေးကွက်ဝင် ပို့ကုန်များဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံနှင့် ဆီထွက်သီးနှံများသည် အရောင်းအဝယ်များ ပိုမိုကောင်းမွန်နေကြောင်း၊ ယခုနှစ်လက်ရှိအချိန်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲစင်းငုံသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ နှင့် မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၇၂၀၀ ကျော်၊ နှမ်းဖြူသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ နှမ်းနက်သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်များ ကောင်းမွန်နေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

 

“ဈေးကွက်ထဲမှာတော့ ပြီးခဲ့တဲ့နှစ်ထက်စာရင် အန္ဒိယပို့ကုန်ဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံတွေ အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ တရုတ်ပြည်ပို့ကုန်ဖြစ်တဲ့ နှမ်းနဲ့ မြေပဲလုံးဆန်တွေလည်း အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ ဒီနှစ်မှာရာသီဥတုက အသင့်အတင့် ကောင်းမွန်တာကြောင့် သီးနှံတွေလဲ ပုံမှန်အတိုင်းထွက်ရှိလာပါတယ်။ ခုချိန်မှာ ပြည်ပပို့ကုန်ဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ နှမ်း၊ မြေပဲ၊ နှံစားသီးနှံဖြစ်တဲ့ ဂျုံ၊ ပြောင်းတွေအားလုံး ထွက်ရှိလာပါတယ်။ ၂၀၂၄ ခု နှစ်ဟာ ဖောက်သည်နိုင်ငံတွေကလည်း ဝယ်ယူမှုတွေ တိုးတက်များပြားပြီးတော့ စဉ်ဆက်မပြတ်တင်မကပဲ ပိုမိုဝယ်ယူမှုတွေလည်း တွေ့ရှိရပါတယ်။ မန္တလေးဈေးကွက်ထဲမှာ ပြည်ပပို့ကုန်ပဲမျိုးစုံနဲ့ နှံစားသီးနှံတွေ အရောင်းအဝယ်တွေ ကောင်းနေတယ်။ ဒီနှစ်ဟာ တောင်သူတွေအတွက် မင်္ဂလာရှိတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။  

 

လက်ရှိအချိန်တွင် ပြည်ပဈေးကွက်ဝင်ပို့ကုန် ပဲများနှင့် ဆီထွက်သီးနှံများ ဈေးကွက်သို့ဝင်ရောက်လာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ ယင်းပဲသီးနှံများကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရာသီမရွေးစိုက်ပျိုးကြပြီး ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်းသီးနှံအဖြစ် တစ်ရာသီသာ စိုက်ပျိုးကြကြောင်းလည်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)