ပဲခူး ဇူလိုင် ၁၀

 

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုလို ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီးအနေဖြင့် အုပ်စု(က) ပွဲစဉ်များအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်ရှိသည့် အားကစားသမားများ၏ မတူကွဲပြားသည့် ကစားပုံ၊ ကစားဟန်နှင့် နည်းစနစ်များကို လေ့လာဖလှယ်ခွင့်ရရှိနိုင်စေခြင်း၊ မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသ မခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိနိုင်စေခြင်းနှင့် ဒေသအသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားအနေဖြင့် ပဲခူးတိုင်းဒေသကြီး၏ ယဉ်ကျေးမှု ဓလေ့စရိုက်၊ ဒေသန္တရ ဗဟုသုတများကို လေ့လာခွင့်ရရှိစေခြင်းစသည့် ရင်းနှီးချစ်ကြည်မှုများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ဘောလုံးအားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်း ကျွမ်းကျင်မှု၊ လျင်မြန် ဖျတ်လတ်မှု၊ တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်စွာ အပေးအယူမျှတမှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ပါ ပြည့်ဝရန်လိုသည့် အားကစားနည်းဖြစ်သည့်အပြင် ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်း ဥပဒေနှင့်အညီလိုက်နာပြီး မိမိတို့၏ပင်ကိုအရည်အသွေး၊ ဖြတ်ထိုးဉာဏ်အပေါ် လျှပ်တစ်ပြက်အသုံးချ၍ ယှဉ်ပြိုင်အနိုင်ယူကစားရသည့် အမျိုးသားကစားနည်းတစ်ခုဖြစ်၍ မိမိတို့ ကိုယ်စားပြုသည့် တိုင်းဒေသကြီး/ပြည်နယ် အောင်နိုင်ရေးအတွက် ကြိုးစားသွားကြစေလိုကြောင်း နှင့် ပြိုင်ပွဲဝင်ကာလတစ်လျှောက်လုံး စိတ်ချမ်းသာ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အဘက်ဘက်မှ ပြည့်စုံကောင်းမွန်စွာ စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဘောလုံး အသင်းများသို့ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကြောင်းနှင့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဘောလုံးအသင်း၊ မန္တလေးတိုင်းဒေသကြီး ဘောလုံးအသင်း၊ ကယားပြည်နယ် ဘောလုံးအသင်းနှင့် ချင်းပြည်နယ်ဘောလုံးအသင်း စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအသင်း လေးသင်းပါဝင်ကာ ဇူလိုင် ၁၁ ရက်မှ ၁၈ ရက်အထိ ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစား ဥယျာဉ်ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)