နေပြည်တော် ဒီဇင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းပြေပျော်ရွှင်စေရန်၊ နှစ်သစ်ကို သာယာချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်နှင့် စိတ်ခွန်အားသစ်များ ရရှိရန်ရည်ရွယ်၍ ကျင်းပသည့် ၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲ တတိယနေ့ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်းအမှတ် (၁) နှင့် (၂) ၌ ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ပါဝင်ဆင်နွှဲ
ယနေ့သည် ဖျော်ဖြေပွဲ တတိယနေ့ ရောက်ရှိလာသည်နှင့်အညီ မွန်းလွဲပိုင်းမှစတင်၍ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် ဂီတဖျော်ဖြေပွဲ ကျင်းပမည့် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး ကွင်းများအတွင်းသို့ မိသားစုအလိုက်၊ မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့အလိုက် ပါဝင်ဆင်နွှဲရန် မော်တော်ယာဉ်များ၊ သုံးဘီး ဆိုင်ကယ်များ၊ ဆိုင်ကယ်များဖြင့် တဖွဲဖွဲ လာရောက်ကြသည်ကို တွေ့မြင်ရသည်။
ထိုသို့ တေးဂီတဖျော်ဖြေပွဲသို့ လာရောက်ပါဝင်ဆင်နွဲကြသူများကို စိတ်လုံခြုံစွာ အမှတ်တရများဖြင့် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ကွင်းအတွင်းသို့ ဝင်ရောက်စဉ် တာဝန်ရှိသူများက ဝင်ပေါက်ဂိတ်များတွင် ဖျော်ဖြေပွဲ ဝင်ခွင့်လက်ပတ်များ စနစ်တကျ ရောင်းချ၍ လုံခြုံရေးအရလိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေးသည့်အပြင် ဖျော်ဖြေပွဲ ဝန်းကျင်နေရာများ၌လည်း လိုအပ်သည့် လုံခြုံရေးစောင့်ကြည့်မှုများ ဆောင်ရွက်ပေးလျက် ရှိသည်ကိုလည်း တွေ့ရသည်။
တေးဂီတ ဖျော်ဖြေပွဲသို့ ဝင်ရောက်ရသည့် ဂိတ်(၁)နှင့်(၄) အဝင်ဝမှ ဖျော်ဖြေပွဲကျင်းပမည့် စတိတ်စင်အထိ လျှောက်လမ်းများနှင့် ပွဲတော်အတွင်းရှိနေရာများ၌ လာရောက်အပန်းဖြေ လည်ပတ်ကြသူများ စိတ်အပန်းပြေ ပျော်ရွှင်စေရန်အတွက် နီယွန် ရောင်စုံအလှမီးများဖြင့် လှပဝေဆာစွာ ဆင်ယင်ထွန်းညှိ အလှဆင်ထားပြီး Photo Booth များတွင် အမှတ်တရဓာတ်ပုံ ရိုက်ကြသူများ၊ အပျော်တမ်း ဂိမ်းကစားကြသူများ၊ ချားရဟတ် စီးကြသူများနှင့် ပျော့အိကလေး ကစားကွင်းတွင်လည်း ပျော်ရွှင်စွာ ဆော့ကစားကြသည့် ကလေးငယ်များဖြင့် အထူးစည်ကားလျက် ရှိသည်။
စည်ကားလျက်ရှိ
ယနေ့ည တေးဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ ဟဲလေး၊ ရဲလေး၊ ထွန်းထွန်း၊ ဖြိုးပြည့်စုံ၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ ဂျူဝယ်၊ ကေကေမိုး၊ မိစန္ဒီတို့က Dancer အဖွဲ့များ၊ DJ ပညာရှင်များ၊ Music Band များဖြင့် တွဲဖက်၍ ပရိသတ် အကြိုက် တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြရာ ပရိသတ်များ အားပါတရ လိုက်ပါသီဆို၍ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက် ရှိသည်။
ထို့ပြင် လာရောက်လည်ပတ်ကြသူများ စာရေးသောက်ရေး အဆင်ပြေစွာ ဝယ်ယူစားသောက် နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသထွက်ကုန်များ၊ လူသုံးကုန်ပစ္စည်းဆိုင်များ အပါအဝင် ဆိုင်ခန်းပေါင်း ၅၀ ကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိပြီး ပျော်ရွှင်မှုများနှင့်အတူ သန့်ရှင်းစွာ စည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများ အပြင် Mobile Toilet များထား ရှိသည်ကိုလည်း တွေ့ရသည်။
၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ဒီဇင်ဘာ ၃၁ ရက်တွင်လည်း Countdown ရေတွက်မည့် အစီအစဉ်အပါအဝင် နိုင်ငံကျော် တေးသံရှင်များဖြစ်သည့် ဖြိုးကြီး၊ နောနော်၊ ရဲရင့်အောင်၊ J FIRE၊ ဂျူနီယာချစ်ကောင်း၊ ICE COLD၊ ခိုင်မြဲသစ္စာနှင့် အခြား တေးသံရှင်များက Dancer များ၊ DJ ပညာရှင်များနှင့် တွဲဖက်၍ ညနေ ၅ နာရီမှစတင်၍ ည ၁ နာရီ အထိ သီဆိုကပြ ဖျော်ဖြေတင်ဆက် သွားကြမည် ဖြစ်ကြောင်း၊ ဝင်ကြေးကို တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း သတ်မှတ်ထားပြီး ပွဲတော်သို့ လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ခရီးစဉ်သုံးခုသတ်မှတ်၍ မော်တော် ယာဉ်များဖြင့် အခမဲ့အသွားအပြန် ပို့ဆောင်ပေးလျက်ရှိသဖြင့် မည်သူမဆို လာရောက်လည်ပတ် ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
သတင်း- ဟိန်းမင်းစိုး
ဓာတ်ပုံ - အောင်ပြည့်စုံ


