နေပြည်တော် ၃၀ ဧပြီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ထိုင်းနိုင်ငံ အခြေစိုက် ဒေသတွင်း ဘက်စုံသဘာဝဘေး ကြိုတင်ကာကွယ်ရေး ဗဟိုဌာန (Regional Integrated Multi-Hazards Early Warning System – RIMES) တို့ ပူးပေါင်း၍ (၂၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီ (၃၀) ရက်နေ့တွင် နေပြည်တော်၊ မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရှိ ဘက်စုံသဘာဝဘေး အန္တရာယ် ကြိုတင်သတိပေးဗဟိုဌာန (Multi-hazards Early Warning Center) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးမှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် Regional Integrated Multi-Hazard Early Warning System (RIMES) မှ Project Manager Ms. Pone Nyet Khaing မှ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်နေသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အခြား ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းဘက်စုံသဘာဝဘေးကြိုတင်ကာကွယ်ရေး ဗဟိုဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ၂၀၁၈ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၂၁)ကြိမ်မြောက် မုတ်သုံဖိုရမ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၁၈-၁၉ ခုနှစ်၊ ဆောင်းရာသီကာလ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအား ပြန်လည် သုံးသပ်ခြင်း၊ ၂၀၁၉ ခုနှစ်၊ မိုးရာသီကာလအတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအား တင်ပြဆွေးနွေးခြင်း၊ ယခင် မှတ်တမ်းများ၊ လက်ရှိအခြေအနေများနှင့် ခန့်မှန်းချက်များအပေါ် အခြေခံသည့် ၂၀၁၉ ခုနှစ်၊ မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုအခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ အဖွဲ့အစည်းဆိုင်ရာနှင့် End User များအနေဖြင့် ထိခိုက်မှု အလားအလာ အခြေအနေအပေါ် အခြေခံသည့် ရာသီအလိုက် ကြိုတင်ပြင်ဆင်မှုအစီအစဉ်များအား တင်ပြခြင်း၊ ရာသီအလိုက် ခန့်မှန်းချက်များကို အသုံးပြု သည့် stakeholders များ၏ အကြံပြုချက်များအတိုင်း ပိုမိုကောင်းမွန်သည့် ခန့်မှန်းချက်များအား ထုတ်ပြန်ရာ တွင် နည်းပညာအသုံးချမှုနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရန် မဟာဗျူဟာချမှတ်ခြင်း၊ အခြားသော သဘာဝဘေး များနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအား သက်ဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့များဖွဲ့၍ အသေးစိတ် ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါမုတ်သုံဖိုရမ်ကို ၂၀ဝ၇ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် (၂)ကြိမ် ပုံမှန်ကျင်းပလာခဲ့ရာ ယခုအစည်းအဝေးသည် (၂၂) ကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရသည်။
MDN


