ရန်ကုန် ဇူလိုင် ၁၃
၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် ကာယဗလနှင့် ကာယကြံ့ခိုင်မှု မောင်/မယ် လူရွေးချယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှု ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် အားကစားသမား မောင်/မယ်များအနေဖြင့် တစ်ချိန်တွင် နိုင်ငံကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားပြီး ပြိုင်ပွဲများကို ဖွင့်လှစ်ပေးသည်။
ထို့နောက် (၂၁)နှစ်အောက် ကာယဗလမောင် ပြိုင်ပွဲ၊ ၅၅ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲ၊ ၆၀ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲ၊ ၆၅ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲ၊ ၇၀ ကီလိုတန်း ကာယဗလ မောင်ပြိုင်ပွဲ၊ ၇၅ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲ၊ ၇၅ ကီလိုတန်းအထက် ကာယဗလမောင်ပြိုင်ပွဲ၊ အမျိုးသား Athletic Physique up to 170 cm၊ အမျိုးသား Althletic Physique Over 170 cm၊ အမျိုးသား Sport Athletic Physique up to 170 cm၊ အမျိုးသား Sport Althletic Physique Over 170 cm၊ အမျိုးသမီး Model Physique up to 160 cm၊ အမျိုးသမီး Model Physique Over 160 cm၊ အမျိုးသမီး Althletic Physique Open နှင့် အမျိုးသမီးFitness Physique Open အတန်း ၁၆ တန်းဖြင့် ပြိုင်ပွဲများကိုကျင်းပရာ ပြိုင်ပွဲဝင်အားကစားသမား မောင်/မယ်များက သတ်မှတ်ကိုယ်ဟန် ခုနစ်မျိုးဖြင့် ခန္ဓာကိုယ်အချိုးအစား ကျစ်လျစ်မှုကို လှစ်ထုတ်ပြသ ယှဉ်ပြိုင်ကြသည်။
ယင်းနောက် ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသည့် အားကစားသမား မောင်/မယ်များအား တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများကလည်းကောင်း၊ Over All ဆုရရှိသည့် ခါးနံပါတ် (၃၆) မောင်ဝေယံထက်လှိုင်အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း (အပေါ်ဝဲပုံ) ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


