ခင်ဦး ၂၀ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် (၃၁)ကြိမ်မြောက် သမိုင်းဝင် အညာသီဟတောဘုရား ဗုဒ္ဓပူဇနိယပွဲတော် စာရေးတန်မဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနားကို မတ် (၁၉)ရက်၊ (၁၄:ဝ၀) နာရီက အဆိုပါ ဘုရားဝန်းအတွင်း ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အညာသီဟတောဘုရားအား ဖူးမြော်ကြည်ညိုပြီး ပန်းရေချမ်းဆီမီးတို့ကို ကပ်လှူပူဇော်ကြပြီးနောက် ဆရာတော်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့နှင့်အတူ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေးခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြသည်။
ဆက်လက်ပြီး စာရေးတန်မဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ ဆရာတော်များနှင့် သီလရှင်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က (၃၁)ကြိမ်မြောက် သမိုင်းဝင် အညာသီဟတောဘုရား ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအထိမ်းအမှတ်အဖြစ် ရွှေမိုးငွေမိုးများ ကြဲပက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ညပိုင်းတွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ စစ်ကိုင်းကောင်းမှုတော်ဘုရားဝန်းအတွင်း၌ ကျင်းပပြုလုပ်သော ကမ္ဘာ့အကြီးဆုံး မဟာဘေရီ(သို့မဟုတ်) အဓိကဒုန္ဒုဘ စည်တော်ကြီး တီးခတ်ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အခမ်းအနားကို နမောတဿ သုံးကြိမ် ဘုရားရွတ်ဆို ဖွင့်လှစ်ပေးကြီးပြီး ဘုရားဂုဏ်တော်ကိုးပါးမှ က္ကတိပိသော ဘဂါဝါ၊ အရဟံရွက်ဆိုပြီး စည်တော်(၁)ချက်တီး၍ ပူဇော်ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဘုရားဂုဏ်တော်ကိုးပါးမှ အစီအစဉ်အရ အသီးသီးရွက်ဆိုကာ စည်တော်(၁)ချက်စီတီး၍ ပူဇော်ခဲ့ကြသည်။
ထို့နောက် စည်တော်ကြီးအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား အဖြူရောင်ငွေသင်္ကန်းဆက်ကပ်ဆေးသုတ်ပညာရှင်များနှင့် စည်တော်ကြီးထွန်းထုအလှူရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ပြီး ကောင်းမှုတော်ဘုရားဝန်းအတွင်း မီးရှူးမီးပန်းများကို ပစ်ဖောက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


