သီပေါ ၅ မတ်
(၃၈)ကြိမ်မြောက် သီပေါမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာမေးပွဲနှင့် စာပြန်ပွဲတော်ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် သီပေါမြို့နယ် မဟာမြတ်မုနိဘုရားကြီး အာရုံခံ တန်ဆောင်းတော်ကြီးတွင် မတ် ၁ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့ပြီး စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဆရာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ မြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော်က သြဝါဒ မြွက်ကြားတော်မူခဲ့သည်။
ဆက်လက်၍ စာမေးပွဲ နာယက/ကြီးကြပ်ဆရာတော်များ၊ ပင့်သံဃာ အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြကာ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများကို ရဟန်းသံဃာတော်များ၊ ဆရာကြီးများနှင့် တာဝန်ရှိသူတို့က အသီးသီး ဆပ်ကပ်ချီးမြှင့်ခဲ့ကြပြီးနောက် လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များနှင့် စာအောင်ဆရာတော် အပါး(၄၁၄)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ စေတနာရှင် အလှူရှင်များက ဆန်၊ ဆီ၊ ဆေး၊ ဆား အစရှိသည့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


