၂၅ မတ်
(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီဘဏ်လီမိတက်၏ (၆၄) ခုမြောက် ဘဏ်ခွဲဖြစ်သော မြဝတီဘဏ် (ရွှေဘို) ဘဏ်ခွဲဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ မန္တလေး-ရွှေဘိုကားလမ်း၊ အကွက်အမှတ်(၁၁-မင်းရပ်)ရှိ အဆိုပါဘဏ်ခွဲ၌ ပြုလုပ်ခဲ့ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြဝတီဘဏ်လီမိတက်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်အေး၊ ရွှေဘိုတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထွန်း၊ ရွှေဘိုခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် နှင့် မြဝတီဘဏ်လီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးယုလွင်တို့က မြဝတီဘဏ် (ရွှေဘို) ဘဏ်ခွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူး နှင့် တာဝန်ရှိသူများက ဘဏ်ခွဲ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ဘဏ်အတွင်းလှည့်လည် ကြည့်ရှုကြသည်။

မြဝတီဘဏ် (ရွှေဘို) ဘဏ်ခွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။ စာရင်းရှင်အပ်ငွေများ၊ ငွေစုဘဏ်အပ်ငွေများ၊ စာရင်းသေအပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ်ပညာသင်ဆုဝန်ဆောင်မှုအပ်ငွေများ၊ ATM ကတ်စာရင်း အပ်ငွေများလက်ခံခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်သော ရင်းနှီးငွေများအတွက် မရွှေ့မပြောင်းနိုင်သောမြေနှင့် အဆောက်အအုံ များကို အာမခံအဖြစ် ရယူ၍ချေးငွေများ ထုတ်ချေးခြင်း၊ မြဝတီဘဏ်ခွဲအသီးသီးနှင့် ချိတ်ဆက်ထားသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန်အလှန်ငွေလွှဲပေးပို့နိုင်ခြင်းများ အပါအဝင် Modern Banking အနေဖြင့်လည်း Mobile Banking ဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


