ရန်ကုန် ဩဂုတ် ၈
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇူလိုင် ၂ ရက်မှ ၆ ရက်အထိ အာဆီယံအမွေ အနှစ်ဥယျာဉ် အုပ်ချုပ်ရေးမှူးများ သဘာဝထိန်းသိမ်းရေး နယ်မြေတို့တွင် စီမံအုပ်ချုပ်မှု ဆိုင်ရာ ထိရောက်မှုဆန်းစစ်ခြင်း စနစ် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ နိုင်ငံမှဥယျာဉ် အုပ်ချုပ်ရေးမှူး ခုနှစ်ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး ယင်းအတွေ့ အကြုံများကို နိုင်ငံအတွင်းရှိ အာဆီယံအမွေအနှစ်အမျိုးသားဥယျာဉ်များနှင့် သဘာဝ ဘေးမဲ့တောတို့မှ အုပ်ချုပ်ရေးမှူးများကို နေပြည်တော်၌ ဆင့်ပွားဆွေးနွေး ပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အာဆီယံအမွေအနှစ်ဥယျာဉ်များ၏ အုပ်ချုပ်ရေးမှူး ခုနှစ်ဦးပါဝင်သော အဖွဲ့သည် အာဆီယံအမွေအနှစ်ဥယျာဉ် အုပ်ချုပ်ရေးမှူးများ သဘာဝထိန်းသိမ်း ရေးနယ်မြေတို့တွင် စီမံအုပ်ချုပ်မှုဆိုင်ရာ ထိရောက်ဆန်းစစ်ခြင်းစနစ် အလုပ်ရုံဆွေးနွေး ပွဲတွင် အင်ဒိုနီးရှား၊ ထိုင်း၊ စင်္ကာပူ၊ ဘရူနိုင်း၊ ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည့် အုပ်စုအေ နှင့် မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖီလစ်ပိုင်၊ လာအို၊ ထိုင်းနိုင်ငံ(လေ့လာသူ)တို့ ပါဝင်သည့် အုပ်စုဘီအဖြစ်ခွဲခြား၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်သည် အာဆီယံနိုင်ငံများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ သဘာဝဥယျာဉ်များ၊ အာဆီယံအမွေအနှစ်ဥယျာဉ်များနှင့် တောရိုင်းတိရိစ္ဆာန်ဘေးမဲတော များ ရည်ရှည်တည်တံ့ဖွံ့ဖြိုးရေး ဝိုင်းဝန်း ထိန်းသိမ်းနိုင်ရန်၊ အဆိုပါဘေးမဲ့တောများရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် နိုင်စေရန်၊ ACB အဖွဲ့၏ ထောက်ပံ့မှုဖြင့် အာဆီယံနိုင်ငံများမှ Smart နည်းပညာနှင့် ကင်းလှည့် ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဘေးမဲ့ တောများ ထိန်းသိမ်းစောင့်ရှောက်ရာ၌ Smart နည်းပညာဖြင့် လျှင်မြန်စွာသိရှိကူညီ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် အာဆီယံအမွေအနှစ်ဥယျာဉ်မှူးများ လက်တွဲဆောင်ရွက် မှုဖြင့် မိမိတို့နိုင်ငံတို့ရှိ အမျိုးသားဥယျာဉ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန် စ သည့် ရည်ရွယ်ချက်တို့ဖြင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ACB အဖွဲ့အနေနဲ့ အခြားသောအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အာဆီယံဒေသတွင်း နိုင်ငံများက အမျိုးသား ဥယျာဉ်တွေ၊ သဘာဝထိန်းသိမ်းရေးနယ်မြေတွေကို အထောက် အပံ့နဲ့ နည်းပညာပေးတာရှိတယ်။ အာဆီယံအမွေ အနှစ်အမျိုးသားဥယျာဉ် တွေကို ထိန်းသိမ်းရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံအားသာချက်၊ အားနည်းချက်ကို ပေါင်းစပ် ညှိနှိုင်း အဖြေရှာတဲ့အလုပ်ရုံဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ ရေခဲဖုံးလွှမ်းတဲ့ ခါကာဘိုရာဇီအမျိုး သား ဥယျာဉ်နဲ့ လန် ပိကျွန်းအမျိုးသားဥယျာဉ်၊ အင်းတော်ကြီးကန်စတဲ့ ဒေသတွေမှာ ကင်းလှည့်ဆောင်ရွက်မှုပုံစံ အနေအထား မတူညီတဲ့အတွက် တောရိုင်းတိရိစ္ဆာန်၊ မုဆိုးနဲ့ တောတွင်းအချက်အလက်ဒေတာတွေကို SMART နည်းပညာနဲ့ ကင်းလှည့်ထိန်းသိမ်းမှု လမ်းကြောင်းဒေတာအတွက် ဗားရှင်းအမြင့်ကိုအသုံးပြုပြီး တောရိုင်းတိရစ္ဆာန်နဲ့ အမျိုး သားဥယျာဉ်ထိန်းသိမ်းရေးကို တစ်နိုင်ငံနဲ့တစ်နိုင်ငံ လက်တွဲဆောင်ရွက်နေကြတာပါ။ အားလုံးတစ်ပြေးညီဖြစ် အောင်ကြိုးစားနေပါတယ်။ အဓိကအားဖြင့် အာဆီယံဒေသတွင်း နိုင်ငံတွေက သဘာဝဥယျာဉ်တွေမှာ ဇီဝမျိုးစုံမျိုးကွဲတွေ ရေရှည်တည်တံ့ဖွံ့ဖြိုးပြီး သဘာဝပတ်ဝန်းကျင်ကို ဟန်ချက်ညီညီ လက်တွဲထိန်းသိမ်းသွားနိုင်ဖို့ပါ”ဟု လန်ပိကျွန်း အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးကြည်ဦး က ပြောသည်။
မြန်မာ့ပင်လယ်ပြင်တွင် ရတနာသိုက်တစ်ခုဖြစ်သည့် လန်ပိကျွန်းအမျိုးသား ဥယျာဉ်ကြီးတည်ရှိပြီး ထိုင်း နိုင်ငံပင်လယ်ပြင်၌ တာယက်တိုအမျိုးသားဥယျာဉ်ကြီးတစ်ခု တည်ရှိ၍ ဒေသခံရေလုပ်သားများ၊ ထိုင်းနိုင်ငံ ရေတပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တာယက်တိုအမျိုးသားဥယျာဉ်ကြီးကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်လျက်ရှိရာ ထိုဥယျာဉ်သို့ နှစ်စဉ်ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှုမှ နိုင်ငံခြားဝင်ငွေရရှိလျက်ရှိသည်။
အာဆီယံအမွေအနှစ်ဥယျာဉ် အုပ်ချုပ်ရေးမှူးများ သဘာဝထိန်းသိမ်းရေးနယ် မြေတို့တွင် စီမံအုပ်ချုပ်မှုဆိုင်ရာ ထိရောက်မှုဆန်းစစ်ခြင်းစနစ် အလုပ်ရုံဆွေးနွေးပွဲတွင် ဒေတာအချက်အလက်များ စနစ်တကျ စုဆောင်း နိုင်ရန်နှင့် SMART နှင့် METT Version စနစ်ကို လင့်ခ်ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် အာဆီယံအမျိုးသားဥယျာဉ်များ တောတွင်းကင်းလှည့်ဆောင်ရွက်မှုကို ဒေသတွင်းနိုင်ငံများ တစ်ပြေးညီသိရှိ၍ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အာဆီယံနိုင်ငံများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြ ပြီး မြန်မာနိုင်ငံ၌ အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှ အတွေ့အကြုံများကို နေပြည်တော်တွင် ဆင့်ပွားဆွေးနွေး ပွဲများအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - လန်ပိကျွန်း
ညိမ်းသူ(သတင်းစဉ်)


