နေပြည်တော် ၈ မေ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနည်းပြများ မွမ်းမံသင်တန်း (၁/၂၀၁၉)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် Multipurpose Hall ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ နည်းပြသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ နည်းပြများ၏ အားကစားအရည်အချင်း၊ အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် နည်းပြကောင်းများ ပေါ်ထွက်လာနိုင်စေရေးအတွက် ရည်ရွယ်ပါကြောင်း၊ ရေတို၊ ရေရှည် နည်းလမ်း(၂)ခုဖြင့် ဆောင်ရွက်နေပါကြောင်း၊ အားကစားနည်းပြ (၁)လသင်တန်းအား စဉ်ဆက်မပြတ် စီမံကိန်းများဖြင့် (၄)လတစ်ကြိမ် ဖွင့်လှစ်ပေးမှာဖြစ်ပြီး (၁)နှစ်ကို (၃)ကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ တစ်ဆင့် နောက်ပိုင်းတွင် (၃)လသင်တန်း၊ (၁)နှစ်သင်တန်းများ ဖွင့်လှစ်ပေးပြီး ဒီပလိုမာရရှိသည်အထိ ဘွဲ့များ ချီးမြှင့်အပ်နှင်းပေးမည် ဖြစ်ပါကြောင်း။
ယခုဖွင့်လှစ်လိုက်သည့် အားကစားနည်းပြများ မွမ်းမံ(၁)လသင်တန်း၏ သင်ခန်းစာများကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ကိုးကားပြီး လေ့လာဆည်းပူးကြစေလိုကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင်လည်း အကျိုးရှိရှိ ပြန်လည်အသုံးချ ကြစေလိုကြောင်း၊ ဌာနအကြီးအကဲများမှ မိမိတို့ကို အားကိုးထိုက်သော အရည်အချင်းပြည့်ဝတဲ့ နည်းပြကောင်းများ ဖြစ်လာအောင် အထူးကြိုးစား ကြစေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား သင်တန်းသူများက ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများအား တစ်ဦးချင်း မိတ်ဆက်ကြသည်။
အဆိုပါ အားကစားနည်းပြသင်တန်း (၁/၂၀၁၉)တွင် သင်တန်းသား (၁၀)ဦး၊ သင်တန်းသူ (၂၀)ဦး စုစုပေါင်း (၃၀)ဦးတို့ တက်ရောက်သင်ကြားပြီး မေ ၆ ရက်မှ ၃၁ ရက်အထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


