နေပြည်တော် ၁၇  မေ 

 

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဉီးစီးဌာန၏ (၁၇-၅-၂၀၂၀) နေ့ နေ့လယ် (၁၄:၀၀) အချိန် ထုတ်ပြန်သည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း သတင်းအမှတ်စဉ် (၀၇/၂၀၂၀) အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN) သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၅၃၀) မိုင်ခန့်၊ ဒီဂါမြို့ (Digha) ၏ တောင်-အနောက် တောင်ဘက် ရေမိုင် (၆၁၅) မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara) ၏ အနောက်တောင်ဘက် ရေမိုင် (၆၇၅) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် (၄၆၀) မိုင်ခန့်နှင့် ပုသိမ်မြို့ (Pathein) ၏ အနောက်တောင်ဘက် ရေမိုင် (၆၀၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ၎င်းအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် နောက် (၁၂) နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN) အဖြစ်သို့ ရောက်ရှိလာနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာ ရွေ့လျားနိုင်ကြောင်း၊ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN)၏ အရှိန်ကြောင့် (၁၇-၅-၂၀၂၀) မှ (၂၁-၅-၂၀၂၀) ရက်နေ့အထိ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈) ပေမှ (၁၂) ပေ ခန့် ရှိနိုင်ကြောင်း သိရှိရပါသည်။


     
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနမှ လတ်တလော လေ့လာဆန်းစစ် တွေ့ရှိချက်များအရ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိလာနိုင်ကာ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး (Very Severe Cyclonic Storm) Category-4 အဆင့်သို့ ရောက်ရှိလာနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီမိုင် (၁၃၀) နှုန်းအထိ တိုက်ခတ်လာနိုင်ပါသည်။  ခန့်မှန်း (၂၀-၅-၂၀၂၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်အကြားသို့ ဦးတည်လျက် ကုန်းတွင်းသို့ ဝင်ရောက်နိုင်သည့် အလားအလာများကို မုန်တိုင်းလမ်းကြောင်း ခန့်မှန်းသည့် နိုင်ငံတကာ မိုးလေဝသအေဂျင်စီများ၏ အင်တာနက် စာမျက်နှာများတွင် လေ့လာတွေ့ရှိရပါသည်။


 
လက်ရှိတွင် မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်ဖွယ်မရှိသော်လည်း မုန်တိုင်း၏အရှိန်ကြောင့် ခန့်မှန်း (၁၈-၅-၂၀၂၀) ရက်နေ့မှ (၂၁-၅-၂၀၂၀၂၀) ရက်နေ့များအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်း၊ မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ဒေသများ အနီးသို့ မုန်တိုင်းအဖျားခတ်လာနိုင်သည့် အခြေအနေများကို တွေ့ရှိရပြီး ၎င်းမုန်တိုင်း၏ အရှိန်ကြောင့် လေတိုက်နှုန်းမှာ ခန့်မှန်းတစ်နာရီလျှင် မိုင်(၅၀-၆၀)နှုန်းခန့် တိုက်ခတ်နိုင်သည်ကို တွေ့ရှိရပါသည်။

 

လက်ရှိခန့်မှန်းချက်များအရ မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တပြက် ရေကြီးခြင်း၊ မြေပြိုခြင်း အန္တရာယ်များနှင့် ကမ်းရိုးတန်းဒေသ အချို့နေရာများတွင် မုန်တိုင်းကြောင့် မုန်တိုင်းဒီရေတက်ခြင်းတို့ကို ကြုံတွေ့ရနိုင်သည့်အတွက် အောက်ဖော်ပြပါအချက်များကို သတိပြုလိုက်နာ ဆောင်ရွက်နိုင်ပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကြံပြုအပ်ပါသည်-

 

(၁)    ကမ်းခြေများအနီး နေထိုင်သူများ၊ အလုပ်လုပ်ကိုင်နေသူများ၊ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ် နားထောင်၊ လေ့လာ၍ လိုအပ်ပါက ကြိုတင် တိမ်းရှောင်ပါ။ 

 

(၂)    နေအိမ်အဆောက်အဦများ၏ ကြံ့ခိုင်မှုကိုစစ်ဆေး၍ လေဒဏ်၊ မိုးဒဏ် ခံနိုင်စေရန် ပြုပြင်ဆောင်ရွက်ပါ။ အိမ်ပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင် ရှင်းလင်းထားပါ။

 

(၃)    အရေးပေါ်အသုံးပြုနိုင်ရန် လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့် ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။ 

 

(၄)    လေပြင်းတိုက်ခတ်ချိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းချိန်တို့တွင် သစ်ပင်၊ သစ်ကိုင်းများ၊ လျှပ်စစ်မီး တိုင်များ၊ တယ်လီဖုန်းတိုင်များ ကျိုးကျနိုင်ခြင်း၊ လဲပြိုနိုင်ခြင်း၊ လေပြင်းနှင့်အတူ လွင့်ပါလာသည့် သွပ်နှင့် အခြားအရာဝတ္တုများကြောင့် ထိခိုက်နိုင်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားနိုင်သဖြင့် တတ်နိုင်ပါက အဆောက်အဦ အပြင်ဘက်သို့ မထွက်ပါနှင့်။ ဖုန်းများအသုံးမပြုပါနှင့်။ လျှပ်စစ်ပစ္စည်းများ အသုံးမပြုပါနှင့်။

 

(၅)    လေတိုက်နှုန်း တစ်နာရီ မိုင် (၅၀၊ ၆၀) ခန့်သည် တဲအိမ်ငယ်များ ပြိုလဲနိုင်ခြင်း၊ နေအိမ်များ အမိုး၊ အကာ လန်ခြင်းများလည်း ဖြစ်ပွားနိုင်သဖြင့် မိမိအိမ်သည် လေပြင်းဒဏ် ခံနိုင်ရည် အားနည်းသည်ဟု ယူဆပါက ခိုင်ခံသည့် နီးစပ်ရာ အိမ်များ၊ အဆောက်အဉီများသို့  ကြိုတင်ရွှေ့ပြောင်းနေထိုင်ပါ။

 

(၆)    အန္တရာယ်ရှိသည့် မြစ်ချောင်းများအနီး၊ တောင်ကျချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့် နေရာများတွင် နေထိုင်သူများ အထူးသတိပြုနေထိုင်ပါ။ လိုအပ်ပါက ခေတ္တရှောင်ရှားနေထိုင်ပါ။ 

 

(၇)    မိုးသည်းထန်စွာရွာသွန်းရာမှ လျှပ်တပြက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး လျှပ်တပြက် ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမို ဂရုပြု နေထိုင်ပါ။

 

(၈)    မိုးထစ်ချုန်းရွာသွန်းနေချိန် တောင်ကျချောင်းများအတွင်း မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ နွားလှည်းများ၊ လူများ မဖြတ်သန်းပါနှင့်။ ရုတ်တရက် ရေများအရှိန်ဖြင့် စီးဆင်းလာနိုင်ပြီး အန္တရာယ်ရှိနိုင်ပါသည်။

 

(၉)    လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ရွာသွန်းခြင်းများပြီးစီး၍ အပြင်ထွက်ပါက လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့် တတ်နိုင်သမျှဝေးဝေးနေပါ။ မြွေနှင့် အဆိပ်ရှိသော တိရစ္ဆာန်များ၏ အန္တရာယ် ကို သတိပြုပါ။

 

(၁၀)    မိမိတို့ရပ်ရွာအတွင်း လေပြင်းဒဏ်ခံနိုင်သည့် နီးစပ်ရာအိမ်များ၊ အဆောက်အဉီများသို့ ရွှေ့ပြောင်း နေထိုင်သည်ဖြစ်စေ၊ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာ နေရာများသို့ ရွှေ့ပြောင်းသည်ဖြစ်စေ COVID–19 ကူးစက်ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။
     


ပြည်သူလူထုအနေဖြင့် ယခုဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းနှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဉီးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည့် ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် ဂရုပြု နားထောင်ရန်လိုအပ်ပြီး အရေးပေါ်အချိန်တွင် သက်ဆိုင်ရာ တာ၀န်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါ၀င် ဆောင်ရွက်ကြပါရန်နှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် (၂၄) နာရီ ဖွင့်လှစ်ထားရှိသော Hot-line ဖုန်းများဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ အချိန်မရွေး ဆက်သွယ်သတင်းရယူ၊ အကူအညီ တောင်းခံနိုင်ပါကြောင်း  အသိပေး နှိုးဆော်အပ်ပါသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန