၂၀၂၂ခုနှစ်၊ မတ် ၂၁ ရက် မြန်မာစံတော်ချိန် (၁၇:၀၀) နာရီထုတ်ပြန်ချက်

 

အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

 

ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀) နာရီ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ တောင် - အရှေ့တောင်ဘက် ရေမိုင် (၆၀) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်ဘက် ရေမိုင် (၁၇၀) မိုင်ခန့်၊ ပုသိမ်မြို့၏ တောင် - အနောက်တောင်ဘက် ရေမိုင် (၂၂၀) မိုင်ခန့်၊ သံတွဲမြို့၏ တောင်ဘက် ရေမိုင် (၃၁၅) မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၅၅) မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၂၉၀) မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၅၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်ဘက် ရေမိုင် (၃၁၀) မိုင်ခန့်နှင့် ပို့ပလဲယား (Port Blair) ၏ အရှေ့‌မြောက်ဘက် ရေမိုင် (၁၁၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

 

အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးမှ ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်သည်။

 

အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြန်မာစံတော်ချိန် (၁၅:၃၀) နာရီတွင် မြောက်လတ္တီကျု (၁၃.၂) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.၉) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၁၀၀၀) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်နှုန်းခန့် ဖြစ်သည်။

 

နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

 

အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် နီကိုးဘားကျွန်း (Nicobar Islands) နှင့် ကပ္ပလီပင်လယ်ပြင် ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက် (၁၂) နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် လက်ရှိအခြေအနေတွင်  မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးမှ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ (၂၂.၃.၂၀၂၂) ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ (၂၃.၃.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းကို သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။

 

mdn

 

သတိပေးနှိုးဆော်ချက်

 

အားကောင်းသောမုန်တိုင်းငယ် (Deep Depression) ၏အရှိန်ကြောင့် ယနေ့ညနေမှ (၂၃.၃.၂၀၂၂) ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။

 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅) မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၁) ပေမှ (၁၆) ပေခန့်ရှိနိုင်သည်။

 

အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးမှ မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေစဉ်  အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင်  (၄၅) မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။

 

(၂၂.၃.၂၀၂၂) ရက်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့ ရောက်ရှိနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀) မှ (၅၅) မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။

 

(၂၃.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းသို့ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀) မှ (၄၅) မိုင်အထိ တိုက်ခတ် နိုင်သည်ဟု ခန့်မှန်းရသည်။

 

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀) ပေမှ (၁၄) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရသည်။

 

အကြံပြုချက်

 

အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) ၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက် ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်သည်။

 

Credit> မိုးဇလ