ဖေဖော်ဝါရီ ၂၇
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘာဒက်ရှန်ပြည်နယ် အာဂန်ဂျကဟွာခရိုင်ရှိကျေးရွာတစ်ရွာတွင် နှင်းထုပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် လေးဦးသေဆုံးကြောင်း ထိုပြည်နယ်အကြီးအကဲ ကာရီမာဇူဒင်က ဖေဖော်ဝါရီ ၂၅ ရက်ကပြောကြားခဲ့သည်။
အဆိုပါနှင်းထုပြိုကျမှုသည် သောကြာနေ့နှောင်းပိုင်းက တက်ခ်အာချာကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထိုပြည်နယ်ရှိ ကိုဖာဘ်ခရိုင်တွင် အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့သဖြင့် နေအိမ်အလုံး ၃၀ ပျက်စီးခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်းဖော်ပြထားသည်။
ဘာဒက်ရှန်ပြည်နယ်တွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နှင်းထုများပြိုကျမှုကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့ပြီး နေအိမ်အများအပြားပျက်စီးခဲ့သည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့်လအတွင်း နှင်းများထူထပ်စွာကျဆင်းခြင်း၊ ရာသီဉတုအေးခဲခြင်း၊ ရေကြီးရေလျှံခြင်းနှင့် နှင်းထုများပြိုကျခြင်းတို့ကြောင့် ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် လူပေါင်း ၂၀၀ နီးပါးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


