ရန်ကုန် ၁၂ ဖေဖော်ဝါရီ
၂၀၁၉ ရာသီ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို ယနေ့ညနေပိုင်းက ကျင်းပရာ မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်းကို အဝေး¬ကွင်း၌ သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ခြေစစ်ပွဲမအောင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အသင်းသည် အဝေးကွင်း ဆက်တိုက်ကစားရသည့်အပြင် ချင်းရိုင်ယူနိုက်တက် အသင်းမှာလည်း ခြေစွမ်းမြင့်မားသည့် အသင်းဖြစ်သောကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် Play-off အဆင့်သို့ ပထမဆုံးတက်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အကြိုခြေစစ်ပွဲ ဒုတိယအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ရန်ကုန်အသင်းသည် အကြိုခြေစစ်ပွဲ ပထမအဆင့်တွင် ဆီရက်စ်ကို အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းမှ ကျော်ဇင်ဦးနေရာတွင် ကောင်းထက်စိုး တစ်ဦးတည်းကိုသာ ပြောင်းလဲခဲ့ပြီး ရန်အောင်ကျော်၊ ကျော်ဇင်ထက်၊ မောင်မောင်လွင်၊ ဆီလာတို့ဖြင့် လူစုံခဲ့သည်။ ပထမပိုင်းတွင် ချင်းရိုင်ယူနိုက်တက်အသင်းက တိုက်စစ်ဖွင့်ကစားခဲ့သလို ရန်ကုန်အသင်းမှာလည်း ခံစစ်မကစားဘဲ အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့သည်။ ၁၂ မိနစ်တွင် လီယောင်ယဲက ချင်းရိုင်ယူနိုက်တက်အသင်းက အဖွင့်ဂိုးစတင်သွင်းယူပြီး ၃၆ မိနစ်တွင် ပြည့်ဖြိုးဇော်က ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းပြီး ရန်ကုန်အတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ရန်ကုန်အသင်းသည် ချေပဂိုးပြန်ရသော်လည်း ဂိုးချက်ချင်းပြန်ပေးလိုက်ရသောကြောင့် အခက်တွေ့ခဲ့ရခြင်းဖြစ်သည်။ ချင်းရိုင်ယူနိုက်တက်အတွက် ဒုတိယဂိုးကို ၃၉ မိနစ်တွင် ဆူရီရာက သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် ရန်ကုန်အသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း ဂိုးသွင်းခွင့်များ အသုံးမချနိုင်၍ နစ်နာခဲ့ရသည်။ ချင်းရိုင်ယူနိုက်တက်အတွက် တတိယဂိုးကို ၈၆ မိနစ်တွင် ဘေလ်က သွင်းယူခဲ့သည်။
ရန်ကုန်အသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်ခဲ့သော်လည်း ၂၀၁၉ AFC Cup ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ညီမြတ်သော်တာ


