ဂျေရုဆလင် ဩဂုတ် ၁၀
အစ္စရေးတပ်ဖွဲ့က ဂါဇာကမ်းမြောင်ဒေသ၌ စစ်ဆင်ရေးများတိုးချဲ့လုပ်ဆောင်ကာ ဂါဇာစီးတီးကို သိမ်းပိုက်ယူမည့် အစီအစဉ်နှင့်ပတ်သက်ပြီး တဲလ်အဗစ်မြို့နေပြည်သူများက ယမန်နေ့တွင် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများပိုမိုပြင်းထန်လာပါက ဟားမတ်စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများ၏ အသက်အန္တရာယ်ပိုမိုစိုးရိမ်ရကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောကြားသည်။
ဆန္ဒထုတ်ဖော်သူ သောင်းနှင့်ချီပါဝင်ခဲ့ကြောင်းနှင့် အဆိုပါဆန္ဒထုတ်ဖော်သူများတွင် ဓားစာခံများ၏ မိသားစုဝင်များပါဝင်ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြသည်။ အချို့က ဓားစာခံများ၏ ဓာတ်ပုံ များကို ကိုင်ဆောင်ကာ “အိမ်ပြန်လာပါ” ဟု ကြွေးကြော်ခဲ့ကြသည်။
အစ္စရေးအစိုးရက ဂါဇာ၌ စစ်ဆင်ရေးတိုးချဲ့လုပ်ဆောင်ရန် ဩဂုတ် ၈ ရက်က အစိုးရအဖွဲ့ အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲများ ရပ်တန့်လျက်ရှိသည်။
လူဦးရေ တစ်သန်းနီးပါးနေထိုင်သည့် ဂါဇာစီးတီးသည် ဒေသတွင်း၌ အကြီးဆုံးမြို့ဖြစ်သည်။
နိုင်ငံတစ်ဝန်းရှိ ပြည်သူများက ဂါဇာစီးတီးကို သိမ်းယူရန် စစ်ဆင်ရေးတို့ချဲ့မည့်အစီအစဉ်နှင့် ပတ်သက်ပြီး ကန့်ကွက်လျက်ရှိသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


