နေပြည်တော် ၄  မတ် 

 

ILOမှ ပေးပို့လာသော လုပ်ငန်းစီမံချက် (မူကြမ်း) သုံးသပ်အတည်ပြုရေး၊ National Complaints Mechanism ထူထောင်ရေးနှင့် ကြားကာလအတွင်း အဓမ္မခိုင်းစေမှုများ တိုင်ကြားဖြေရှင်းနိုင်ရေးအတွက် လုပ်ငန်းစီမံချက် အသစ်တစ်ရပ်အမြန်ရေးဆွဲ အကောင်အ ထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက မြန်မာနိုင်ငံနှင့် ILO တို့ MoU လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည့်အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်းစီမံချက်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ပြီးယခုအခါ ILO နှင့် ပူးပေါင်းဆောင်ရွက်ထားသည့် လုပ်ငန်းစီမံချက် ပြီးဆုံးခဲ့သော်လည်း မြန်မာနိုင်ငံကလက်မှတ် ရေးထိုးပါဝင်ထားသည့် ပြဌာန်းချက်အမှတ်၂၉ ကို အဖွဲ့ဝင်နိုင်ငံ၏တာဝန်ရှိမှု အရ ဆက်လက် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း။ 

 

ဝန်ကြီးဌာနအနေဖြင့် ILO နှင့် ပူးပေါင်းရေးဆွဲခဲ့သည့် Decent Work Coumtry Programme  (2018-2021) ကို ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် MoU လက်မှတ်ရေးထိုးပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဓမ္မခိုင်းစေမှုပပျောက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အနေဖြင့် Ownership ယူပြီး ဆောင်ရွက်မည့် National Complaint Mechanism ထူထောင်ရန် အချက်တစ်ချက်ပါရှိသည့်အတွက် အဓမ္မခိုင်းစေမှု ဆိုင်ရာတိုင်ကြားမှု ယန္တရားထူထောင်ရေး လုပ်ငန်း စီမံချက်(မူကြမ်း) ရေးဆွဲထားပြီးဖြစ်ပါကြောင်း။

 

National Complaints Mechanism ထူထောင်နေဆဲကြား ကာလတွင် အဓမ္မခိုင်းစေမှုများ တိုင်ကြားဖြေရှင်းနိုင်ရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အ ထည်ဖော်မှုနှင့် ပတ်သက်ပြီး တိုးတက်မှုကို ၂၀၁၉ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် (၃၃၅) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင် ပြသနိုင်မှသာ မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုပပျောက်ရေးကို political will နှင့် ဆောင်ရွက်နေသည့် အချက်ကို ILO မျက်နှာစာမှတဆင့် နိုင်ငံတကာသို့ ပြသနိုင်မည်ဖြစ်ပြီး ILO နှင့် နိုင်ငံတကာ၏ ဖိအားပေးမှုကို ရှောင်ရှား နိုင်မည်ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ယနေ့အစည်းအဝေးတွင် ILO မှ အဆိုပြုတင်ပြထားသည့် New Action Plan ကိုသုံးသပ်အတည်ပြုရေး၊  National Complaints Mechanism ထူထောင်ရေးနှင့် National Complaints Mechanism ထူထောင်နေဆဲ ကြားကာလတွင် အဓမ္မခိုင်းစေမှုများ တိုင်ကြားဖြေရှင်း နိုင်ရေးအတွက် လုပ်ငန်းစီမံချက်အသစ်တစ်ရပ် အမြန်ရေးဆွဲအကောင်အထည် ဖော်နိုင်ရေးအတွက် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားသည်။

 

ထို့နောက် ILO မှ အဆိုပြုတင်ပြထားသည့် New Action Plan(လုပ်ငန်းစီမံချက်)နှင့် National Complaints Mechanism ထူထောင်နေဆဲကြားကာလတွင် အဓမ္မခိုင်းစေမှုများ တိုင်ကြား ဖြေရှင်းနိုင်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲအကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ရှင်းလင်းဆွေးနွေးခဲ့ပြီး National Complaint Mechanism အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှု ယန္တရား ထူထောင်ရေး လုပ်ငန်းစီမံချက်(မူကြမ်း)ရေးဆွဲထားရှိမှု အခြေအနေနှင့်ပတ်သက်၍ အလုပ်သမား ညွှန်ကြား ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက် လာကြသည့်ဝန်ကြီးဌာနကိုယ်စားလှယ်များက လိုအပ်သည်များကိုဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)