နေပြည်တော် ၇ မတ်  

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်း၌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်သည့်လုပ်ငန်း၊ ပိုင်ဆိုင်မှုများ တောင်းခံသည့်လုပ်ငန်း၊ ရယူခြင်းစီမံခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ပိုင်ဆိုင်မှုများကို နစ်နာဆုံးရှုံးစေခြင်းဖြစ်ပေါ်ပါက အဂတိလိုက်စားမှုမြောက်ကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် နိုင်ငံတော်၏ ပြင်းပြသော နိုင်ငံရေးခံယူချက်ကို မိမိတို့က တက်ညီလက်ညီ ဖြည့်ဆည်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှု သဘောတရားနှင့် ယင်း၏ အကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးကော်မရှင်၏ ကျင့်ဝတ်များ၊ တိုင်ကြားစာများအပေါ် ဥပဒေဖြင့် အရေးယူဆောင်ရွက်ခြင်း လုပ်ငန်းများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေဖြင့် ဌာနဆိုင်ရာ အရေးယူခြင်းနှင့် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုအပေါ် အကဲဖြတ်သုံးသပ်ခြင်း သင်ခန်းစာများကို မြန်မာ့မီးရထားမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်ကျော်က ရှင်းလင်းပို့ချပြီး သင်တန်းသား ၁၆၅ ဦး တက်ရောက်သည်။

 

သင်တန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွန့်က “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံဝန်ထမ်းများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ဆွေးနွေးပို့ချပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်းတို့မှ သင်တန်းသား ၆၀ က သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သင်တန်းကို ဌာနအလိုက် လာဘ်ပေးလာဘ်ယူ နှင့်ဆိုင်သော အဂတိလိုက်စားမှုဆိုင်ရာ ပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊ တွေ့ရှိလာသော ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန်၊ အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပွားရေးအတွက် တားမြစ်ထိန်းချုပ်ခြင်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)