အီရန်နိုင်ငံအရှေ့တောင်ပိုင်း၌ သဲမုန်တိုင်းများတိုက်မှုကြောင့် လူ ၁၀၀ နီးပါး ဆေးရုံတက်ရ

ဩဂုတ် ၁၆

အီရန်နိုင်ငံ အရှေ့တောင်ပိုင်း စစ်စတန်နှင့် ဘာလူချီစတန်ပြည်နယ်တွင် ပြင်းထန်သောသဲမုန်တိုင်းများတိုက်ခတ်မှုကြောင့် ကျန်းမာရေးအခြေအနေအရ လူ ၁၀၀ နီးပါးဆေးရုံတက်ရကြောင်း ယမန်နေ့က တတ်စ်နမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

အဆိုပါပြည်နယ်ရှိ လူနာ ၁၅၆၃ ဦးတွင် အသက်ရှုလမ်းကြောင်း၊ နှလုံးနှင့် မျက်စိဆိုင်ရာ ကျန်းမာရေးပြဿနာများ အများဆုံးတွေ့ရှိရပြီး ၎င်းတို့အနက် ၉၄ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ထိုအေဂျင်စီက ဖော်ပြထားသည်။

ထိုဆေးရုံတက်ကုသမှုခံယူရသောလူနာများတွင် သဲမုန်တိုင်းတိုက်သဖြင့် မြင်ကွင်းရှင်းလင်းမှုမရှိသောကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာတွင် ထိခိုက်မိသူများလည်းပါဝင်သည်။

နိုင်ငံအတွင်းရှိ သဲမုန်တိုင်းများ အများအပြားတိုက်ခတ်မှုသည် ယင်းသဲမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံရသည့် ဇာဘိုလ်၊ ဇီဟက်ခ်၊ ဟာမို၊ ဟာမန်နှင့် နီမိုဇ် ခရိုင်အတွင်းနေထိုင်သူများတွင် ကျန်းမားရေးဆိုင်ရာခြိမ်းခြောက်မှုဖြစ်ပေါ်လာနိုင်သည်ဟု ဖော်ပြထားသည်။

၎င်းခရိုင်ငါးခုရှိ အစိုးရအဖွဲ့များအားလုံးကို ဩဂုတ်လ ၁၃ ရက်မှ ၁၄ ရက်အထိ ပိတ်ထားခဲ့သည်။

ပြည်နယ်မိုးလေဝသအဖွဲ့ညွှန်ကြားရေးမှူးချုပ် မိုစန်ဟီဒါရီက သဲမုန်တိုင်းများသည် ဩဂုတ်လ ၁၆ ရက်တွင် ဆက်လက်ဖြစ်ပွားဖွယ်ရှိသည်ဟု ယမန်နေ့က ပြောကြားသည်။

ထိုပြည်နယ်တွင် နွေရာသီလေပြင်းများသည် နှစ်စဉ် မေလနှောင်းပိုင်းမှ စက်တင်ဘာလနှောင်းပိုင်းအထိ တိုက်ခတ်လေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို