တီဟီရန်    ဒီဇင်ဘာ     ၃၀

အီရန်နိုင်ငံမှ ထုတ်လုပ်သည့် ဂြိုဟ်တုသုံးစင်းကို ဒီဇင်ဘာ ၂၈ ရက်က ရုရှားနိုင်ငံအရှေ့ပိုင်းရှိ ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့ကြောင်း အီရန်နိုင်ငံ အိုင်နာသတင်းအေဂျင်စီက ပြောသည်။

စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် လွှတ်တင်ခြင်းဖြစ်သည်။

ရုရှားနိုင်ငံအရှေ့ပိုင်းရှိ   ဗော့စတိုချနီဂြိုဟ်တု လွှတ်တင်ရေးစခန်းမှနေ၍ ဇာဖာ ၂၊ ပါရာနှင့်ကော်ဆာ ၁ ဒသမ ၅ အမည်ရှိ ဂြိုဟ်တုသုံးစင်းကို ရုရှားနိုင်ငံမှ  Soyuz 2.1 b ဒုံးပျံတွင်  တင်ဆောင်၍   တီဟီရန် စံတော်ချိန် ညနေ ၄ နာရီ ၄၈ မိနစ်တွင်   လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဒုံးပျံပေါ်တွင် အခြားဂြိုဟ်တု   ၄၉  စင်းကိုလည်း သယ်ဆောင်လွှတ်တင်ခဲ့ကာ  ၎င်းဂြိုဟ်တုများတွင် Aist-2T အမည်ရှိ ရုရှားနိုင်ငံ၏ ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေး ဂြိုဟ်တုများလည်း ပါဝင်ကြောင်း သိရသည်။

ယခုကဲ့သို့ အီရန်နိုင်ငံမှ ဂြိုဟ်တုလွှတ်တင်ခြင်းသည် အီရန်အာကာသအစီအစဉ်ကို  ချဲ့ထွင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အီရန်အာကာသအေဂျင်စီအကြီးအကဲ ဟာဆန်ဆလာရိဒ်က ပြောသည်။ 

အီရန်အီလက်ထရွန်းနစ်   စက်မှုလုပ်ငန်းမှ ထုတ်လုပ်သော   ပါရာဂြိုဟ်တုသည် အီရန်၏ ပြည်တွင်း၌ တည်ဆောက်ထားသော အဆင့်မြင့်ဆုံး  ရုပ်ပုံရိုက်ကူးရေး ဂြိုဟ်တုများထဲမှ တစ်ခုဖြစ် ကြောင်း အိုင်နာသတင်းအေဂျင်စီကပြောသည်။  ကြည်လင်ပြတ်သားသည့် ရုပ်ပုံများကို   ရိုက်ကူးနိုင်သည့် ၎င်းဂြိုဟ်တုသည် ဉာဏ်ရည်တုနည်းပညာကို သုံးစွဲ ထားပြီး ရေအရင်းအမြစ်  စီမံခန့်ခွဲရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ဘူမိဗေဒဆိုင်ရာမြေပုံများ ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။

ဇာဖာ ၂ ဂြိုဟ်တုကို အလူမီနီယမ်ဖြင့် ပြုလုပ်ထားပြီး  သဘာဝအရင်းအမြစ်များနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးလုပ်ငန်းနှင့်  ပဋိပက္ခစီမံခန့်ခွဲမှုတို့ကို   စောင့်ကြည့်ရန်အတွက် အရည်အသွေးမြင့်ပုံရိပ်များကို ရိုက်ကူးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံ၏ Space Omid ကုမ္ပဏီက ထုတ်လုပ်သော ကော်ဆာ ၁ ဒသမ ၅ ဂြိုဟ်တုသည် ကြည်လင်သည့် ရုပ်ပုံများကို ရိုက်ကူးနိုင်ပြီး အာကာသမှ ပုံရိပ်များဖော်ခြင်းနှင့်  ကမ္ဘာမြေအာရုံခံ ကိရိယာများမှ ဒေတာများကို တစ်ပြိုင်နက်တည်းစုဆောင်းနိုင်ကြောင်းနှင့် ၎င်းဂြိုဟ်တုသည်  စိုက်ပျိုးရေးလုပ်ငန်း၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေးနှင့်  နယ်နိမိတ်စောင့်ကြည့်ရေးလုပ်ငန်းများကို  ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အာကာသလုပ်ငန်းကို  ဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်းသည်  နိုင်ငံအတွက်  မဟာဗျူဟာအရ  လိုအပ်ချက်ဖြစ်ကြောင်း   အီရန်နိုင်ငံ ပြန်ကြားရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဆာယိဆတက်ဟာရှီမီက တီဟီရန်တွင် ကျင်းပသည့် အခမ်းအနားတွင် ပြောသည်။

အီရန်နိုင်ငံမှ ဂြိုဟ်တုများကို သိပ္ပံပညာနယ်ပယ်နှင့် ငြိမ်းချမ်းရေးကို ရှေးရှုဆောင်ရွက်သည့် လုပ်ငန်းများတွင် သုံးစွဲမည်ဖြစ်ကြောင်း  အီရန်နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ်အေရာချီက ပြောသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ