ဘဂ္ဂဒက်   ဇူလိုင်   ၂၈

အီရတ်နိုင်ငံရှိ  ပြည်နယ် ၁၃ ခု၌ ဇူလိုင်  ၂၈ ရက်တွင်  အပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်ကျော်ရှိရာ နိုင်ငံ တစ်ဝန်း ပြင်းထန်သည့်အပူလှိုင်း   ကျရောက်လျက်ရှိကြောင်း နိုင်ငံ၏ မိုးလေဝသနှင့်ငလျင်ဗေဒ အဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

ဘဂ္ဂဒက်၊ ဝါဆစ်၊ မေဆန်၊ Dhi Qar နှင့် ဘတ်စ်ရာပြည်နယ်တို့တွင် အမြင့်ဆုံးအပူချိန်မှာ ၅၁ ဒီဂရီ ဆဲလ်စီးယပ်ဖြင့်  စံချိန်တင်ရှိပြီး ကာကွတ်ခ်၊  ဆာလာဟူဒင်၊ ဒီရာလာ၊ ကာဘာလာ၊ ဘာဘီ၊ နာဂျဖ်၊ ဒီဝါနီယာနှင့်  မုသ်ဟန်နာတို့တွင် အပူချိန်   ၅၀   ဒီဂရီဆဲလ်စီးယပ်ရှိကြောင်း   ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပူချိန်မြင့်တက်နေချိန်အတွင်း နေရောင်နှင့်  တိုက်ရိုက်ထိတွေ့ ခြင်းနှင့် ပြင်ပတွင်အလုပ်လုပ်ကိုင် ခြင်းတို့မှ  ရှောင်ကြဉ်ကြရန် အဆိုပါ အဖွဲ့က ပြည်သူများကို တိုက်တွန်းထားသည်။ အထူးသဖြင့် နေ့လယ်ခင်းအချိန်များတွင်  အိမ်အတွင်း၌ နေထိုင်ရန်နှင့် ရေဓာတ်ပြည့်ဝစေရန် ယင်းအဖွဲ့က ပြည်သူများကို အကြံပြုထားသည်။

အပူချိန်လွန်ကဲမှုကြောင့် ဇူလိုင် ၂၈ ရက်တွင် အီရတ်နိုင်ငံ ပြည်နယ်အများအပြား၌   အလုပ်ချိန်များ ပြောင်းပေးခဲ့ပြီး ကာဘာလာပြည်နယ်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက် နှစ်ရက် စလုံးတွင် အလုပ်ချိန်ကို နှစ်နာရီလျှော့ချရန် ညွှန်ကြားထားသည်။

Dhi Qar  ပြည်နယ်ကောင်စီကလည်း ဇူလိုင် ၂၈ ရက်ကို အများ ပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာ ခဲ့သည်။

ဆင်ဟွာ