ရောမ၊ ဖေဖော်ဝါရီ ၂၇
အီတလီနိုင်ငံ ကမ်းရိုးတန်းဒေသ၌ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရွှေ့ပြောင်းဒုက္ခသည်တင် စက်လှေတစ်စင်း တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၃၀ သေဆုံးခဲ့ကြောင်း အီတလီနိုင်ငံမီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အီတလီနိုင်ငံပိုင် အသံလွှင့်ဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းအချိန်အထိ သေဆုံးသူအရေအတွက်ကို တိတိကျကျ ပြောကြားနိုင်ခဲ့ခြင်း မရှိသေးကြောင်းသိရသည်။ သို့ရာတွင် အီတလီသတင်းအေဂျင်စီ ANSA ကမူ ရွှေ့ပြောင်းဒုက္ခသည်တင် စက်လှေတိမ်းမှောက်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ၃၃ ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယင်းစက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူ ၄၀ ကျော်အထိ မြင့်တက်လာဖွယ်ရှိကြောင်းနှင့် အဆိုပါစက်လှေသည် ကလေးငယ်အများစုအပါအဝင် ရွှေ့ပြောင်းဒုက္ခသည် ၁၀၀ ကျော် တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းရွှေ့ပြောင်း ဒုက္ခသည်များအနက် အများစုသည် အီရန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ထုတ်ပြန်သည့် အချက်အလက်များအရ အီတလီနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် ရွှေ့ပြောင်းဒုက္ခသည်များသည် ပြီးခဲ့သည့်လေးနှစ်အတွင်း သိသိသာသာတိုးလာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်က ၁၁၅၀၀ ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၃၄၀၀၀ ကျော်၊ ၂၀၂၁ ခုနှစ်တွင် ၆၇၅၀၀ ရှိရာမှ ပြီးခဲ့သည့်နှစ်ကမူ ၁၀၅၀၀၀ အထိတိုးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်


