ပွင့်ဖြူ   ၃၀ ဧပြီ

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေအဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် ယခု ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အလှူရှင်၊ ပြည်သူ၊ ယူနီဆက်တို့၏ ပူးပေါင်းပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အိမ်တိုင်ရာရောက် ကျေးလက်ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ဧပြီ ၂၉ ရက်  နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ရှိသူများက နဘဲကုန်း ကျေးရွာ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် ကျေးလက်၊ ပြည်သူ၊ အလှူရှင်နှင့် ယူနီဆက်အဖွဲ့တို့၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့် လေးလက်မအဝီစိစက်ရေတွင်း တူးဖော်ပြီးစီးမှုလုပ်ငန်း၊ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း၊ ဆိုလာစနစ်ဖြင့် ရေရယူသုံးစွဲနိုင်အောင် ဆောင်ရွက်မှုလုပ်ငန်းနှင့် အိမ်တိုင်ရာရောက် ရေမီတာရေပေးစနစ် တည်ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ထားမှု ရှိ / မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ကျေးရွာရှိ ရေပေးဝေရေး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကျေးရွာမှ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးရန်နှင့် ရေရယူသုံးစွဲရာတွင် လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် စနစ်တကျ သုံးစွဲသွားကြရန် ရှင်းလင်းဆွေးနွေး မှာကြားခဲ့သည်။

 

mdn

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာသည် အိမ်ခြေ ၁၇၈ အိမ်၊ လူဦး ၆၉၂ ဦးရှိကာ ဒေသခံ ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ ယခု ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  ပြည်သူ၊ အလှူရှင်နှင့် ယူနီဆက်အဖွဲ့တို့ ပူးပေါင်း၍ ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် လေးလက်မ အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အပါအဝင် စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ ဆိုလာစနစ်ဖြင့် ရေယူသုံးစွဲနိုင်အောင် Solar Stand တည်ဆောက်ခြင်းနှင့် ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးဝေနိုင်ရေး ရေပိုက်လိုင်းတပ်ဆင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ယခုလက်ရှိတွင် ကျေးလက်ရေရှိရေးလုပ်ငန်းအားလုံး ပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပြီး အိမ်တိုင် ရာရောက် ရေပေးဝေနိုင်ရေးအတွက် ရေပိုက်လိုင်း တပ်ဆင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး မကြာမီ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်းနှင့် အဆိုပါ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး သွားပါက နဘဲကုန်းကျေးရွာရှိ အိမ်ခြေ ၁၇၈ အိမ်မှ လူဦးရေ ၆၉၂ ဦးအပြင် ကျေးရွာရှိ ကျွဲနွားတိရစ္တာန်များအတွက်ပါ သောက်သုံးရေ ဖူလုံစွာသုံးစွဲခွင့် အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

 

mdn