နယူးဒေလီ မတ် ၁၁
အိန္ဒိယအစိုးရက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် နှစ်နှစ်ကြာ ပိတ်ပင်ထားသည့် နိုင်ငံတကာလေကြောင်းလိုင်းများအား ပြန်လည်ပြေးဆွဲခွင့် ပြုမည်ဖြစ်ကြောင်း ယမန်နေ့တွင် ကြေညာသည်။
၂၀၂၀ ပြည့်နှစ် မတ်လတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ပင်ထားသည့် ပုံမှန်လေကြောင်းလိုင်းများကို မတ် ၂၇ ရက်တွင် စတင် ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း အိန္ဒိယအစိုးရက ယမန်နေ့တွင် ပြောကြားသည်။
ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသည့် ပြည်သူအရေအတွက် များပြားလာသည့်အတွက် နိုင်ငံအတွင်းသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသည်များကို ပြည်ဝင်ခွင့်ပြုခြင်း ဖြစ်ကြောင်း အိန္ဒိယအစိုးရက ဆိုသည်။
မကြာသေးမီ ရက်များအတွင်း အိန္ဒိယနိုင်ငံ၏ ရောဂါကူးစက်မှု အခြေအနေသည် တည်ငြိမ်လျက်ရှိပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၃၉၃၃ ဦး စစ်ဆေးတွေ့ရှိရသည်။
နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် ခရီးသွားများသည် ၇၂ နာရီအတွင်း ရောဂါကူးစက်ခံထားရခြင်း မရှိကြောင်း ကျန်းမာရေး ထောက်ခံစာ တင်ပြရမည် ဖြစ်သည်။
ထို့ပြင် ရောဂါပိုး ရှိ၊ မရှိ ရှောင်တခင် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ဆိုသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်


