အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ ကျေးရွာပေါင်း ၁၁၄ ရွာ ရေလွှမ်းမိုးခံရပြီး ကလေးနှစ်ဦး ရေနစ်သေဆုံး

ဩဂုတ် ၁၈

အိန္ဒိယနိုင်ငံမြောက်ပိုင်းပန်ဂျပ်ပြည်နယ်ရှိ ကျေးရွာ ၁၁၄ ရွာ ရေလွှမ်းမိုးခံရကြောင်း နိုင်ငံပိုင်မီဒီယာတွင် ယမန်နေ့က ဖော်ပြထားသည်။

ဂတ်ဒါစပါခရိုင် ရှရီဟာဂိုဘင်ပါဒေသ ဒီရိုဝဲလ်ကျေးရွာတွင် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ကလေးနှစ်ဦး ရေနစ်သေဆုံး ကြောင်း နိုင်ငံပိုင်အောအိန္ဒိယရေဒီယိုအသံလွှင့်ဌာနက ဖော်ပြသွားသည်။

အဆိုပါရေကြီးရေလျှံမှုသည် ဟိုရှီအာပါ၊ ဂတ်ဒါစပါ၊ ရတ်နာဂါနှင့် ကာပါတာလာခရိုင်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုရေကြီးရေလျှံမှုကြောင့် သီးနှံစိုက်မြေဧကထောင်နှင့်ချီထိခိုက်ခဲ့ပြီး  ဒေသခံများဘေးလွတ်ရာသို့ရွှေ့ပြောင်း နေထိုင်ခဲ့ရသည်။

ရေဘေးသင့်ဒေသများရှိအာဏာပိုင်များသည်အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့၊ စစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ များအား ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်  စေလွှတ်ခဲ့သည်။

ဟီမာချယ်ပရာဒေ့ရှ်ရှိ ဘာကရာနှင့်ပွန်းဆည်များမှ ရေပိုများလျှံထွက်လာပြီးနောက် ဟိုရှီအာပါ၊ ဂတ်ဒါစပါနှင့် ရတ်နာဂါဒေသတို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုခရိုင်များသည်လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သော ဟီမာချယ်ပရာဒေ့ရပြည်နယ်နှင့် ထိစပ်လျက်ရှိသည်။

တောင်ကုန်းရှိသောထိုပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ ၇၁ ဦးအထိ ရှိလာသည်။

ယမန်နေ့က ကျေးရွာ ၄၅ ရွာ ရေလွှမ်းမိုးခံရပြီး ယနေ့တွင် နောက်ထပ် ၆၉ ရွာတွင် ရေဝင်မှုရှိခဲ့ကြောင်း ပန်ဂျပ်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တာဝန်ရှိသူများက မြေနိမ့်ပိုင်းဒေသများတွင်နေထိုင်သူဦးရေ ၅၀၀၀ ကိုဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ပြီး နိုင်ငံသားများအား ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန်လည်း တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို