နယူးဒေလီ  ဇူလိုင်  ၁၃

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နန်ဒူပြည်နယ်၌ ‌ ဇူလိုင်  ၁၃ ရက်က  ရေနံတင်ကုန် ရထား       မီးလောင်မှုဖြစ်ပွားရာ  လူထိခိုက်သေဆုံးမှုမရှိကြောင်း ရဲများက ပြောသည်။

သို့သော်လည်း တမီးလ်နန်ဒူပြည်နယ် မြို့တော်ချန်နိုင်းမှ ပြေးဆွဲသည့် ရထားပြေးဆွဲမှုများ ပြတ်တောက်ခဲ့ရသည်။ ချန်နိုင်းမှ ထွက်ခွာမည့် ရထားခရီးစဉ်အချို့ကို ဖျက်သိမ်းခဲ့ရပြီး ရထားငါးစင်း ကို လမ်းကြောင်းပြောင်းပေးခဲ့ရသည်ဟု  တောင်ပိုင်းမီးရထားဝန်ဆောင်မှုက ကြေညာခဲ့သည်။

ချန်နိုင်းမြို့  အနောက်ဘက် ၄၅  ကီလိုမီတာခန့်အကွာ   တီရီဗော်လာခရိုင်ကိုဖြတ်သန်းစဉ် ၄၅ တွဲပါ ရေနံများတင်ဆောင်လာသည့် ကုန်တင်ရထား မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ရထားတွဲလေးတွဲမှာ မီးလောင်ခဲ့ရပြီး နောက်ထပ်တွဲများကိုပါ မီးကူးစက်လောင်သွားသည်ဟု ကနဦး အစီရင်ခံစာအရ သိရသည်။ ကုန်ရထားမီးလောင်မှုကို ငြှိမ်းသတ်နိုင်ရေး  အာဏာပိုင်များသည် အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်သမားများ  အမြန်ဆုံးစေလွှတ်ခဲ့သည်။

အမျိုးသားသဘာဝဘေး တုံ့ပြန်ရေးအဖွဲ့ကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အဖွဲ့ဝင်များကို တပ်ဖြန့်ချထားခဲ့သည်။ ကြိုတင်ကာကွယ်မှုအနေဖြင့်   ရထားလမ်းအနီးရှိ   နေအိမ် များမှ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို     မသိရသေးချေ။   သို့သော်လည်း    ရထားတွဲနှစ်တွဲ      လမ်းချော်ခြင်းကြောင့် မီးစတင်လောင်ရခြင်းဖြစ်သည်ဟု ရဲများက ယူဆထားသည်။

ဆင်ဟွာ