ရန်ကုန် ၅ မေ

အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်တွင် မတ်ပဲတန်ချိန် လေးသိန်းဝယ်ယူရန် တောင်းဆိုထားသော်လည်း အကြောင်းမပြန်သေးသည့်အတွက် ဆက်လက်ညှိနှိုင်း သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။ 

"လက်ရှိကတော့ တန်ချိန်တစ်သိန်းခွဲဘဲ သူတို့ Quota ထုတ်ပြန်ထားတာ ရှိသေးတယ်၊ လက်ရှိက ဘယ်လိုခေါ်မလဲ G to G ကိစ္စလဲ အိန္ဒိယနဲ့ ဆွေးနွေးနေတာဖြစ်တဲ့ အခါကျတော့ အခုချိန်မှာ အိန္ဒိယဘက်က ဘာမှတုံ့ပြန်မှုတော့ မရှိသေးဘူး၊ ဆက်ပြီးတော့ G to G ကိစ္စကတော့ စီးပွားကူးသန်းကနေတစ်ဆင့် ဆက်ပြီးတော့ အိန္ဒိယနဲ့ ညှိနှိုင်းမယ့်ကိစ္စကတော့ ဆက်ညှိနှိုင်းနေမှာပါ"ဟု ဦးမင်းကိုဦးက ပြောသည်။ 

ထို့ပြင် မတ်ပဲကို အဓိကဝယ်ယူသည့် အိန္ဒယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် သဟဇာတဖြစ်ရေး နှစ်နိုင်ငံအစိုးရခြင်း (G to G) ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

"အိန္ဒိယကတော့ ဝယ်ယူတဲ့နိုင်ငံပေါ့၊ ဝယ်ယူတဲ့နိုင်ငံကတော့ ဘာပဲဖြစ်ဖြစ် ဈေးနှုန်းသက်သာတာဆို လိုချင်မှာပေါ့၊ ကျွန်တော်တို့ မြန်မာနိုင်ငံကျတော့ စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံက ဈေးရမှ တောင်သူရော နိုင်ငံရော အကျိုးရှိမှာပေါ့၊ အဲတော့ ဘာပဲပြောပြော ဒီပေါ်မှာ သဟဇာတဖြစ်အောင် လက်ရှိတဖြေးဖြေး ပြန်တည်ဆောက်နေရတဲ့ပုံပေါ့၊ ဆိုလိုတဲ့သဘောက အကယ်၍ သူတို့ ပဲပျက်စီးလို့ သဘောက ဈေးနှုန်းအရမ်းမြင့်တဲ့ပေါ်မှာ ဒီလိုမျိုး တစ်ခါပြန်ပြီး စိုက်ပျိုးထုတ်လုပ်မှု များလာတဲ့အပေါ် ထပ်ပြီးဈေးနှုန်းပြန်ကျတယ်။ ထိုနည်း၎င်းပေါ့ တက်လိုက်ကျလိုက် သိပ်များတဲ့အပေါ်မှာတော့ တဖြေးဖြေး ဘယ်လိုခေါ်မလဲ အိန္ဒိယဘက်က လိုအပ်ချက်ရှိတဲ့ပဲကို ပုံမှန်စိုက်ပျိုးနိုင်မယ်။ ပုံမှန်သွားနိုင်မယ်ဆိုရင်တော့ ပြောရင် တောင်သူရော နိုင်ငံရော အကျိုးရှိမှာပေါ့၊ ဒါ့ကြောင့်လည်း ဒီ G to G ကိစ္စကိုလည်း ဒီနှစ်နှစ် သုံးနှစ်မှာ ပြန်ပြီးတော့ စဉ်းစားပြီး ဒါလေးတွေဆွေးနွေးနေတဲ့ သဘောပါ"ဟု ဦးမင်းကိုဦးက ထပ်မံပြောကြားသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နယူးဒေလီမြို့တွင် ကျင်းပခဲ့သော 4th ASEAN-India Expo and Summit သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲ၊ နှမ်း ကုန်သည်များ လိုက်ပါ၍ အိန္ဒိယအစိုးရ တာဝန်ရှိသူများကို မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် လေးသိန်းခန့် ယခုနှစ်တွင် ဝယ်ယူရန် တောင်းဆိုခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။ 

သို့သော် မြန်မာနိုင်ငံမှထွက်ရှိသည့် မတ်ပဲနှင့် ပဲစင်းငုံကို အဓိကဝယ်ယူသော အိန္ဒိယနိုင်ငံအနေဖြင့် ပဲလိုအပ်ချက်အရ ပြည်ပမှ မတ်ပဲတန်ချိန် တစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် နှစ်သိန်း တင်သွင်းမည်ဟုသာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

လက်ရှိ ပဲဈေးကွက်အတွင်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၄၅၀ဝ၀ ခန့်နှင့် မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၁၀ သိန်းခန့်ရှိကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် မြန်မာနိုင်ငံ၏ မတ်ပဲစိုက်ဧကမှာလည်း လျော့နည်းသဖြင့် အထွက်နှုန်းလည်း လျော့မည်ဖြစ်ကာ မတ်ပဲအထွက်နှုန်းမှာ တန်ချိန် သုံးသိန်းကျော်ခန့်ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။ 

လက်ရှိ မြန်မာ့ပဲများကို အိန္ဒိယနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါ၊ ဒူဘိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ဂျပန်နှင့် ဥရောပတို့က ဝယ်ယူလျက်ရှိသော်လည်း ပမာဏအားဖြင့် နည်းပါးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း မြန်မာ့ပဲများကို အဓိကဝယ်ယူသည့် အိန္ဒိယနိုင်ငံသို့ အစိုးရချင်း သဘောတူညီချက်ဖြင့် ပဲရောင်းချရန် ညှိနှိုင်းနေကြောင်း၊ ထို့ပြင် မြန်မာ့ပဲကို အိန္ဒိယအပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် ဈေးကွက်ရှာဖွေလျက်ရှိကြောင်း ဒုဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။ 

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ အဓိကပဲတင်ပို့လျက်ရှိရာ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း အိန္ဒိယ၏ မူဝါဒအပြောင်းအလဲများကြောင့် ပဲဈေးကွက်တွင် တောင်သူများနှင့် ကုန်သည်များ အထိနာခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတန်ချိန် တစ်သန်းကျော် တင်ပို့နိုင်ခဲ့သော်လည်း ဈေးနှုန်းများ ကျဆင်းမှုကြောင့် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၁၃ သန်းသာ ဝင်ငွေရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ 

ငြိမ်းငြိမ်း