ဇူလိုင် ၁၈

အိန္ဒိယနိုင်ငံအရှေ့ပိုင်းဘီဟာပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးကြိုးပစ်မှုကြောင့် ၁၉ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။

တစ်ရက်အတွင်း မိုးကြိုးပစ်မှုများနှင့်အတူမိုးသက်မုန်တိုင်းများနှင့် မိုးများသည်းထန်စွာ ရွာသွန်းမှုတို့ဖြစ်ပွားခဲ့ရာ ထိုပြည်နယ်ရှိခရိုင်အများအပြားထိခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါမိုးကြိုးပစ်မှုကြောင့် နာလန်ဒါခရိုင်တွင် ငါးဦးသေဆုံးခဲ့ရာ သေဆုံးမှုအများဆုံးဖြစ်ပြီး ဗစ်ရှာလီခရိုင်တွင် လေးဦး၊ ပတ်နာခရိုင်တွင် နှစ်ဦး၊ ဘန်ကာခရိုင်တွင် နှစ်ဦး၊ ရှီလ်ပူရာ၊ ဉုရန်ဂါဘတ်၊ ဆမ်မတ်တီပါ၊ နာဝါဒါ၊   ဂျမူအီနှင့် ဂျီဟာနာဘတ်ခရိုင်အသီးသီးတွင် တစ်ဦးစီသေဆုံးကြောင်း ဖော်ပြထားသည်။

မိုးကြိုးပစ်မှုကြောင့် သေဆုံးသူအများစုသည် ကွင်းပြင်များတွင်အလုပ်လုပ်နေသူများနှင့် မိုးရွာသွန်းနေစဉ်အတွင်း သစ်ပင်ရိပ်များအောက် မိုးခိုနေသူများဖြစ်သည်ဟု သိရသည်။

ဘီဟာဝန်ကြီးချုပ်က သေဆုံးသူများ၏မိသားစုများနှင့်ထပ်တူဝမ်းနည်းစကားပြောကြားကာ ရာသီဥတုဆိုးရွားသဖြင့် ပြည်သူများသတိဖြင့်နေထိုင်ကြရန်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ထုတ်ပြန်ထားသည့် အကြံပြုချက်များကို လိုက်နာကြရန်လည်း တိုက်တွန်းပြောကြားထားသည်။

ဘီဟာပြည်နယ်အနှံ့အပြားတွင် လာမည့် ၂၄ နာရီအတွင်း မိုးများရွာသွန်းမှုနှင့်အတူ မိုးကြိုး၊ လေပြင်းများတိုက်ခတ်နိုင်သည်ဟု မိုးလေဝသဌာန အိုင်အမ်ဒီက သတိပေးချက်ထုတ်ပြန်ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို