ဩဂုတ် ၂၂

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယမန်နေ့က ကျေးရွာများရှိလူနေအိမ်များ၊ သီးနှံစိုက်ခင်းများနှင့် လမ်းများတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှု ဆိုးရွားနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မြစ်ရေကျိုးပေါက်မှုကြောင့် တန်တာရန်၊ ဖာဇီကာနှင့် ဖီရိုဇီပါခရိုင်တို့ရှိ ကျေးရွာ ၃၆ ရွာထက်မနည်း ရေလွှမ်းမိုးခံရသည်။

တာဝန်ရှိသူများက ဖီရိုဇီပါခရိုင်တွင် ထိုမြစ်ရေသည် အန္တရာယ်ရှိနေဆဲဖြစ်ပြီး အာဏာပိုင်များက တာတမံတစ်လျှောက် အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟုဆိုသည်။

ပန်ဂျပ်ပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းသည် ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်ရှိ ဘာကရာနှင့် pong ဆည်တို့မှရေများ ဖောက်ထုတ်မှုကြောင့် ဖြစ်သည်။

အဆိုပါတာဝန်ရှိသူများ၏ပြောကြားချက်အရ ခရိုင်ခုနစ်ခုတွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၇၀၀၀၀ ကျော် ရေဘေးသင့်မှုဖြစ်ပွားခဲ့သည်။

ဟီမာချယ်ပရာဒက်ပြည်နယ်တွင် လွန်ခဲ့သောသီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ၊ ရေကြီးရေလျှံမှုများနှင့် နေအိမ်ပြိုကျမှုများဖြစ်ပွားသဖြင့် လူ ၇၀ ကျော်သေဆုံးခဲ့သည်။

ဇူလိုင်လက ထိုပြည်နယ်ရှိခရိုင် ၁၉ ခုတွင် ရေကြီးရေလျှံမှုကြောင့်  ၄၁ ဦး သေဆုံးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို